Thursday, August 8, 2013

မွန်-ဗမာ နှစ်(၄၀) စစ်ပွဲအတွင်းမှ အင်းဝသူရဲကောင်း ပြည်စားပျံချီ (သို့မဟုတ်) အင်းဝဘက်သား မွန်သူရဲကောင်း လက်ျာပျံချီ (ဇာတ်သိမ်း)


( facebookမှာ ဆရာဦးသန်းမြင့်တင်ထားတဲ့ ပန်းချီပုံတွေထဲက တစ်ခုကို ယူသုံးထားတာပါ)

(မွန်တပ်သုံးတပ်မှာ အင်အားဖြည့်တင်း၍ ပြည်မြို့ကို ထပ်မံတိုက်ခိုက်ကြသော်လည်း လက်ျာပျံချီ၏ ခံစစ်အစီအမံကို မကျော်နိုင်သည့်အပြင် စစ်ကူရောက်လာသော ဘုရင်မင်းခေါင်၏ တပ်များနှင့်တွေ့ကာ အပြီးသတ်ချေမှုန်းခြင်းကို ခံလိုက်ကြရလေတော့သည်။
ဤကား ခံစစ်ဗျူဟာကျွမ်းကျင်လှသော လက်ျာပျံချီ၏ မြန်မာ့သမိုင်းတွင် ထင်ရှားခဲ့သည့် အောင်ပွဲရ ပြည်မြို့တိုက်ပွဲကြီးပင်တည်း။)



ထိုတိုက်ပွဲကြီးပြီးသွားပြီးနောက်တွင် ဟံသာဝတီတပ်များအနေဖြင့် ပြည်မြို့ကို လာရောက်တိုက်ခိုက်ရန် လက်တွန့်သွားခဲ့ကြလေသည်။ နောက်ပိုင်းတွင် လက်ျာပျံချီအနေဖြင့် ဘုရင်မင်းခေါင် ဟံသာဝတီသို့ ချီသော စစ်တွင်လည်းကောင်း၊ မင်းရဲကျော်စွာ ဟံသာဝတီသို့ ချီသော စစ်တွင်လည်းကောင်း၊ မင်းရဲကျော်စွာ ရခိုင်သို့ ချီသော် စစ်တွင်လည်းကောင်း ကိုယ်တိုင်ဖြစ်စေ၊ လက်အောက်ခံတပ်မှူးနှင့် တပ်အချို့စေလွှတ်၍ ဖြစ်စေ အောင်ပွဲများကို ရယူခဲ့သေးသည်။
ခုနစ်နှစ်ကျော် ကာလမျှအတွင်း စစ်ပွဲများသည် စိုက်ပျိုးရေးရာသီမုတ်သုန်ကာလမှအပ ရပ်နားသွားခြင်းမရှိသော်လည်း ဟံသာဝတီတပ်များသည် ပြည်မြို့သို့ လာရောက်ထိပါးခြင်း မရှိတော့ချေ။
ခုနစ်နှစ်လွန်မြောက်ပြီးနောက်တွင်ကား ဟံသာဝတီပြည့်ရှင် ရာဇာဓိရာဇ်သည် ပြည်မြို့အား သိမ်းပိုက်ရန် တဖန် အားထုတ်လာပြန်သည်။ ထိုအချိန်တွင် အင်းဝမင်းသား စစ်သူရဲကောင်း မင်းရဲကျော်စွာနှင့် သူ၏တပ်မတော်ကြီးသည် ရှမ်းပြည်၊ သိန္နီသို့ စစ်ချီနေသည်ဖြစ်ရာ ပြည်မြို့သို့ စစ်ကူပို့ရန် လွယ်ကူမည်မဟုတ်သည်ကို တွက်ဆပြီး အမြန်ဆုံးသိမ်းယူနိုင်ရန် ရည်ရွယ်ခြင်းဖြစ်သည်။ ဤတစ်ခေါက်တွင်လည်း ကြည်းကြောင်းရှစ်တပ်၊ ရေကြောင်းဆယ့်နှစ်တပ်၊ အင်အားငါးသောင်းကျော်ဖြင့် အလုံးအရင်းချီတက်လာကာ ပြည်မြို့ကို ၀ိုင်းရံလုပ်ကြံကြပြန်သည်။
သို့ဖြင့် လက်ျာပျံချီသည် ဒုတိယပြည်မြို့တိုက်ပွဲတွင် သူ၏ ခံစစ်နည်းဗျူဟာကို ပြောင်မြောက်အောင် ထပ်မံပြသနိုင်ခဲ့ပြန်သည်။
ပထမပြည်မြို့တိုက်ပွဲကတည်းက အတွေ့အကြုံရှိထားသော လက်ျာပျံချီသည် ယခုတစ်ကြိမ်တွင် ပို၍ပင် ပြင်ဆင်မှုများလုပ်ထားပြီးဖြစ်သည်။ ပါးနပ်သောသူခေါင်းဆောင်တစ်ဦးမို့ အင်းဝစစ်တပ်များ သိန္နီသို့ စစ်ချီမည်ဖြစ်ကြောင်း သိပြီးကတည်းက ပြင်ဆင်ထားဟန်တူသည်။
သူ့ထံသို့ စစ်ကူရောက်လာရန် ခဲယဉ်းမည်ဖြစ်ကြောင်း သုံးသပ်ပြီးဖြစ်သဖြင့် အင်အားကို လုံလောက်အောင် စုစည်းပြီးဖြစ်သည်။ မြို့ပြကျုံးမြောင်းကိုလည်း ခိုင်ခံ့အောင် အစဉ်သဖြင့် ပြုပြင်သည်။ မြို့ရိုးနားမကပ်နိုင်အောင်လည်း သတ်ကွင်းတွေ၊ ထောင်ချောက်တွေပြင်ထားသည်။ ပထမတိုက်ပွဲအတွေ့အကြုံကြောင့် ရိက္ခာပြဿနာကို ထောက်ရှုကာ လနှင့်ချီ၍ ခံတိုက်နိုင်ရန် ကြိုတင်စုဆောင်းပြီးဖြစ်သည်။
ယခုတစ်ကြိမ်တွင်လည်း ဟံသာဝတီတပ်များ အလူးအလဲနှင့် ခံကြရပြန်သည်။ အကြိမ်ကြိမ်စစ်ထိုးသော်လည်း အကြိမ်ကြိမ်လန်ကျသည်။ ထိုးစစ်ဆင်သည့်အချိန်တိုင်း အကျအဆုံးများစွာနှင့် ဆုတ်ခွာရသည်။
ယခုတစ်ခေါက်တွင်  ပို၍ အထိနာရသည်မှာ လက်ျာပျံချီက မြို့ရိုးအပြင်ဘက် ပတ်ပတ်လည်တွင် သေနတ်စည်း၊ မြတပူစည်း၊ အမြောက်စည်း စည်းအထပ်ထပ်တားပြီး မြို့ရိုးပေါ်တွင် သေနတ်၊ အမြောက်၊ မြတပူ များပြားစွာတင်၍ စစ်ဆင်ခြင်းကြောင့်ဖြစ်သည်။
မြို့တွင်းဝင်ရန်မပြောနှင့်၊ မြို့ရိုးအနားကပ်ရန်ပင် ခက်ခဲလွန်းနေသည်။ တစ်လခွဲမျှ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်သော်လည်း မရ။ ရဲမက်စစ်သည်များစွာ ကျဆုံးရသည်ပင် အဖတ်တင်ရသည်။
ထိုသို့ စစ်ဆင်နေစဉ်တွင် မုတ္တမကို ယိုးဒယားတို့ လာရောက်တိုက်ခိုက်ကြသဖြင့် ရာဇာဓိရာဇ်သည် သားတော်ဗညားပုသိမ်ကို တပ်မှူးကိုးယောက်၊ ဗိုလ်ပါငါးသောင်းပေးအပ်ကာ ပြည်မြို့ကို ဆက်လက်တိုက်ခိုက်စေပြီး ကိုယ်တိုင်ကမူ နိုင်ငံခြားရန်စစ် ကာကွယ်ရန် ဟံသာဝတီသို့ ပြန်သွားလေသည်။
သားတော်ဗညားပုသိမ်လည်း သုံးလမျှကြာသည်အထိ ပြည်မြို့ကို ၀န်းရံလုပ်ကြံသော်လည်း မရ။ ထိုအချိန်အတွင်း အင်းဝမှ ဘုရင်မင်းခေါင်ကိုယ်တိုင် အင်အားစုစည်းစုဆောင်းပြီးနောက် တပ်ခြောက်တပ်၊ ဗိုလ်ပါခုနစ်သောင်းကို ဦးစီးပြီး ကြည်းကြောင်းဖြင့် ပြည်ကို စစ်ကူရန် ဆင်းလာတော့သည်။
ဗညားပုသိမ်တို့ တပ်များလည်း ပြည်မြို့အနီးတွင် ခုခံရန်မဖြစ်နိုင်သဖြင့် ဧရာဝတီမြစ်ကိုကူး၍ တစ်ဖက်ကမ်းတွင် တပ်တည်ကာ ခုခံရန် ပြင်ရသည်။
ဘုရင်မင်းခေါင်လည်း ပြည်မြို့တပ်များနှင့် ပူးပေါင်းပြီးနောက် မြစ်ကူးပြီး စစ်ဆင်ရန်ကြိုးစားသော်လည်း မအောင်မြင်။ လှေတပ်များမရှိသဖြင့် ဟံသာဝတီတပ်များက ကူးလာတိုက်ခိုက်ခြင်းကိုသာ ခံနေရသည်။ ထိုအကြောင်းကို မင်းရဲကျော်စွာသိရသဖြင့် သိန္နီမှ ဆုတ်ခွာလာပြီးနောက် ရေတပ်ကြီးဖွဲ့ကာ ဗိုလ်ပါခြောက်သောင်းဖြင့် စုန်လာပြီး ဗညားပုသိမ်၏ တပ်များကို ပြင်းထန်စွာ စစ်ဆင်လေသည်။
ဗညားပုသိမ်တို့တပ်များ အ၀ိုင်းခံရပြီး ရိက္ခာပြတ်၍ ငတ်မွတ်လာကြရာ မုတ္တမ၌ ယိုးဒယားတို့ကို စစ်နိုင်ပြီး ပြန်လာသော ဟံသာဝတီဘုရင်ရာဇာဓိရာဇ်မှ ကြားသိရသဖြင့် သားတော်ကို စစ်ကူရန် အင်အားအလုံးအရင်း၊ ဗိုလ်ပါတစ်သိန်းခန့်စုစည်းကာ ပြည်မြို့အနီးသို့ စစ်ချီလာပြန်သည်။
ဤသို့ဖြင့် ပြင်းထန်လှသော ပြည်မြို့ပတ်ဝန်းကျင်တိုက်ပွဲအမြောက်အမြားဖြစ်ပွားပြီးနောက် ရာဇာဓိရာဇ်၏ အကြီးမားဆုံးသော ဆုံးရှုံးမှုကြီးများ ဆက်တိုက်ဖြစ်လာရတော့သည်။
ရာဇာဓိရာဇ်၏ လက်ရုံးတစ်ဆူဖြစ်သော သေနင်္ဂဗျူဟာအရာတွင် ထူးချွှန်လှသည့် စစ်သူကြီး သမိန်ဗြဇ္ဇမှာ နာမကျန်းဖြစ်ပြီး ကွယ်လွန်သွားကာ နောက်ထပ်လက်ရုံးတစ်ဖက်ဖြစ်သော တိုက်ရည်ခိုက်ရည်အရာတွင် သူမတူအောင် ပြောင်မြောက်လှသည့် လဂွန်းအိမ်မှာလည်း လှေစီးချင်းထိုးပွဲတွင် တစ်ဖက်မှ တပ်မှူးလေးဦးနှင့် လှေလေးစင်း-တစ်စင်း စစ်ထိုးရပြီးနောက် ကျဆုံးသွားရသည်။
ထို့နောက် တိုက်ပွဲငယ်များ အကြိမ်ကြိမ်အထပ်ထပ်ဖြစ်သည်။ ဖြစ်သမျှပွဲတို့တွင် အင်းဝတပ်များဘက်မှ အသာစီးရသည်က များလာသည်။ ပြည်မြို့ဝန်းကျင်တွင် ဖြစ်ပွားသော တိုက်ပွဲများဖြစ်ရာ ပထ၀ီအနေအထားကျွမ်းကျင်သော ပြည်စားလက်ျာပျံချီ၏ အကြံအဥာဏ်သေနင်္ဂဗျူဟာများကြောင့်လည်း ဖြစ်သည်ဆိုသည်ကို ငြင်းဆိုရန် ခက်ခဲပေလိမ့်မည်။
ရာဇာဓိရာဇ်၏ ဟံသာဝတီတပ်များမှာ ယှဉ်ပြိုင်တိုက်ခိုက်ရန် ခက်ခဲလာရာ ဟံသာဝတီသို့ ဆုတ်ခွာကြရပြီး ထိုသို့ ဆုတ်ခွာကြခိုက် လက်ရုံးရည်နှင့် သတ္တိအရာတွင် အထူးအားကိုးရသည့် သူရဲကောင်းသမိန်ဗရမ်းသည်လည်း အင်းဝတပ်များ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။ နောက်ဆုံး၌ မွန်မြို့ရွာအများအပြားကို မင်းရဲကျော်စွာက သိမ်းပိုက်နိုင်လိုက်ပြီး ရာဇာဓိရာဇ်မှာ တပ်များစုစည်းကာ မုတ္တမအထိ ဆုတ်ခွာရလေတော့သည်။
ရာဇာဓိရာဇ်နှင့် ဟံသာဝတီမွန်တပ်အချို့ မုတ္တမသို့ ဆုတ်ခွာကြရသောအခါ အင်းဝမှ ဘုရင်မင်းခေါင်နှင့် မင်းရဲကျော်စွာတို့သည် လက်အောက်ခံတပ်မှူးများအား တပ်အသီးသီးခွဲထုတ်၍ မွန်မြို့ရွာများကို တိုက်ခိုက်သိမ်းပိုက်စေရာ လက်ျာပျံချီအတွက် အောင်ပွဲအချို့ကို ရစေပြန်သည်။ သို့သော် ဒလမြို့ကို တိုက်ခိုက်သိမ်းပိုက်ရန်ဆင်နွှဲသည့် တိုက်ပွဲတွင်မူ လက်ျာပျံချီသည် ရန်သူ့မြှားသင့်ကာ သူရဲကောင်းပီသစွာပင် မြင်းထက်၌ ကျဆုံးခဲ့ရလေသည်။ လက်ျာပျံချီကျဆုံးပြီးနောက် ဘုရင်မင်းခေါင်သည် နောက်ထပ်သူရဲကောင်းအမတ်များ အကျအဆုံးများလေမည်ကို စိုးသဖြင့် အင်းဝသို့ တပ်ခေါက်ပြန်သွားကာ သားတော်မင်းရဲကျော်စွာကိုသာ တပ်အချို့နှင့် ပဲခူးမြို့ကို တိုက်ခိုက်ရန် ချန်ထားခဲ့တော့သည်။
စစ်သူရဲကောင်းတစ်ဦးပီပီ စစ်ပွဲ၌ကျဆုံးခဲ့သည့် ပြည်မြို့စားဖြစ်သူ လက်ျာပျံချီသည် ခေါင်းလောင်းကျတိုက်ပွဲ၊ ပထမပြည်မြို့တိုက်ပွဲ၊ ဒုတိယပြည်မြို့တိုက်ပွဲနှင့် ပြည်ပတ်ဝန်းကျင် တိုက်ပွဲအများအပြား၌ အောင်ပွဲများကို ရယူကာ သူ၏ စစ်နည်းဗျူဟာကျွမ်းကျင်မှုနှင့် လက်ရုံးရည်ကောင်းမှုတို့ကို ထုတ်ဖော်ပြသနိုင်ခဲ့ပေသည်။
ထို့ပြင် ပြည်မြို့တိုက်ပွဲကြီးများမှ လက်ျာပျံချီ၏ ခံစစ် စစ်နည်းဗျူဟာများမှာ သမိုင်းတစ်လျှောက် ပြောင်မြောက်ထင်ရှားလှသဖြင့် စာဆိုတော်ကြီးလက်ဝဲသုန္ဒရက သူ၏ မြန်မာ့စစ်နည်းဗျူဟာများအကြောင်းကို မှတ်တမ်းတင်ထားသည့် ဗျူဟစက္ကိပျို့၌ ဤသို့ ရေးဖွဲ့ဂုဏ်ပြုခဲ့ပေသည်။
ပြည်စားပျံချီ၊ မိုးကြိုးသီသို့
အစီအရင်၊ မြို့ထိပ်ပြင်က
တုတ်တင်ရိုက်ထိုး၊ မီးအိုးမှောက်သွန်
ဝါးချွှန်သန၊ မီးစတချို့
မီးရှို့တခြား၊ မီးပွားလျှံလျှံ
ရေနံသဲသဲ၊ အင်တွဲပွက်ပွက်
ပွဲလျက်ပူပူ၊ ကိုင်ယူဆို့ဆီး
စပ်သီးရည်မှုတ်၊ ကျောက်အုတ်လောက်လွှဲ
ဘိစွဲတုံးမောင်း၊ အုပ်ဆောင်းငယ်တွယ်
သစ်ငယ်သစ်ကြီး၊ နွယ်မီးမှိုက်မြက်
လောင်းစွက်ဝါးပို၊ ခြင်းကိုမီးတိုက်
ချထားလိုက်သော်၊ မီးမြိုက်သော့လား
ပဲခူးသားတို့၊ ဆုံးပါးသေသူ…..
ဤသို့ဖြင့် လက်ျာပျံချီ၏ ထူးချွန်ပြောင်မြောက်သော စစ်နည်းဗျူဟာများမှာ သူ၏နာမည်နှင့်အတူ မြန်မာ့သမိုင်းရာဇ၀င်တွင် စာတင်ခဲ့တော့သတည်း။

ကိုးကား
ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း - ဒေါက်တာနိုင်ပန်းလှ
မွန်တို့၏ အိပ်ရာဝင်ပုံပြင်များ - မော်ကင်းလေး
ဝီကီပီဒီးယား(မြန်မာဘာသာ)


အားလုံးကို လေးစားစွာဖြင့်
မင်းအရိပ်

Wednesday, August 7, 2013

မွန်-ဗမာ နှစ်(၄၀) စစ်ပွဲအတွင်းမှ အင်းဝသူရဲကောင်း ပြည်စားပျံချီ (သို့မဟုတ်) အင်းဝဘက်သား မွန်သူရဲကောင်း လက်ျာပျံချီ အပိုင်း(၁)

( facebook မှာ ဆရာဦးသန်းမြင့်တင်ထားတဲ့ ပန်းချီပုံတွေထဲက တစ်ပုံကို ယူသုံးထားတာပါ)


မြန်မာမှန်လျှင်၊ မြန်မာ့သမိုင်းကို အနည်းငယ်မျှ စိတ်ဝင်စားလျှင်ပင် မွန်-ဗမာ နှစ်(၄၀)စစ်အကြောင်း ကြားဖူးနားဝ ရှိကြသည်။ ဘုရင်မင်းခေါင်နှင့် ရာဇာဓိရာဇ်၊ မင်းရဲကျော်စွာနှင့် လဂွန်းအိမ်၊ သမိန်ဗရမ်း စသည့် သူရဲကောင်းကြီးများ၏ အမည်များကို ကောင်းကောင်းကြီး သိကြသည်။
မွန်-ဗမာ နှစ်(၄၀) စစ်သည် တစ်ချိန်က အင်းဝနိုင်ငံတော်နှင့် ဟံသာဝတီနိုင်ငံတော်တို့အား ဖွံ့ဖြိုးစည်ပင်မှု၊ တိုးတက်ထွန်းကားမှု၊ သာယာဝပြောမှုတို့ကို နှစ်(၄၀)ဟူသော အတိုင်းအတာကာလအတွင်း၌ ဖြစ်ဖြစ်မြောက်မြောက် မပေးစွမ်းနိုင်ခဲ့ပေ။ သို့သော် ရာဇ၀င်၌ စာတင်နိုင်သော ပညာရှိအမတ်ကြီးများ၊ သူရဲကောင်းစစ်သူကြီးများကိုမူ မည်သည့်နိုင်ငံတို့၏ ရာဇ၀င်နှင့် ယှဉ်ယှဉ် ရဲရဲကြီး ယှဉ်ပြိုင်နိုင်အောင် မွေးဖွားပေးခဲ့လေသည်။
ရုပ်ရှင်ဇာတ်ကားတစ်ခု၌ ဖြစ်စေ၊ ၀တ္ထုဇာတ်လမ်းတစ်ပုဒ်၌ ဖြစ်စေ ပရိသတ်ကို ကျေနပ်အားရအောင် ပေးစွမ်းနိုင်သော ရသမှာ အားပြိုင်မှုဖြစ်သည်။ ဇာတ်ကောင်းအချင်းချင်း အားပြိုင်မှု၊ ဇာတ်လိုက်နှင့် ဗီလိန် အားပြိုင်မှု၊ သို့မဟုတ်ပါက ဇာတ်လိုက်နှင့် လောကဓံ အားပြိုင်မှု စသည့် အားပြိုင်မှုတို့သည် ဇာတ်လမ်းသဘောတရားကို ရုပ်လုံးကြွသည်ထက် ကြွအောင်၊ စိတ်ဝင်စားဖွယ် ကောင်းသည်ထက် ကောင်းအောင် ဖန်တီးနိုင်စွမ်းရှိကြပေသည်။
ထို့အတူပင် မွန်-ဗမာ နှစ်(၄၀)စစ်သည်လည်း ဟံသာဝတီနိုင်ငံတော်နှင့် အင်းဝနိုင်ငံတော်တို့၏ အားပြိုင်မှု တစ်နည်းဆိုရသော် ဟံသာဝတီဘုရင်၊ မွန်ပညာရှိအမတ်များ၊ မွန်သူရဲကောင်းစစ်သူကြီးများနှင့် အင်းဝဘုရင်၊ အင်းဝပညာရှိအမတ်များ၊ အင်းဝသူရဲကောင်းစစ်သူကြီးများ၏ အချင်းချင်း အားပြိုင်မှုများကြောင့် သမိုင်းဖြစ်ရပ်အများအပြားကြားထဲ၌ ရုပ်လုံးကြွလာကာ စိတ်ဝင်စားဖွယ်အကောင်းဆုံးသမိုင်းဖြစ်ရပ်တစ်ခု အဖြစ် မှတ်တမ်းတင်ထားနိုင်ပေသည်။
မွန်-ဗမာ နှစ်(၄၀)စစ်က မွေးဖွားပေးလိုက်သော ကာယသူရဲကောင်းများရော၊ ဥာဏသူရဲကောင်းများပါ အများအပြား ရှိခဲ့သည်။ ထိုအထဲမှ ပွဲအကြိမ်ကြိမ်ရခဲ့သည့် စစ်သူရဲကောင်းတစ်ယောက်အကြောင်း တင်ပြလိုပါသည်။ ထိုသူကား အင်းဝသူရဲကောင်းအဖြစ် ကျော်ကြားခဲ့သော ပြည်မြို့စား လက်ျာပျံချီပင်တည်း။
သူ့ကို ပြည်စားပျံချီဟုလည်း လူသိများသည်။
သူသည် မွန်-ဗမာ နှစ်(၄၀)စစ် အတွင်း၌ အောင်ပွဲအကြိမ်ကြိမ်ရခဲ့သော လက်ရုံးရည်ကောင်းလှသည့် သူရဲကောင်းတစ်ဦးဖြစ်သည်။ မိမိထက် အဆမတန်အင်အားကြီးသည့် ရန်သူ့တပ်များကို ခုခံတိုက်ခိုက်နိုင်စွမ်းရှိသည့် နှလုံးရည်နှင့်လည်း ပြည့်စုံသူဖြစ်သည်။
သူသည် အင်းဝသူရဲကောင်းအဖြစ် ထင်ရှားကျော်ကြားခဲ့သူဖြစ်သော်လည်း ဗမာမဟုတ်၊ ရှမ်းလည်း မဟုတ်၊ သူကား မွန်အမျိုးသားတစ်ယောက်ပင်တည်း။
သူ၏ ဖခင်မှာ ဟံသာဝတီ၏ နာမည်ကျော်စစ်ဘုရင် ရာဇာဓိရာဇ်၏ ရန်သူတော်တစ်ယောက်ဖြစ်သည့် မြောင်းမြစားလောက်ဖြားဖြစ်ပြီး မိခင်မူကား မယားကြီးဟု တွင်သည့် လောက်ဖြားကတော်များအနက်မှ တစ်ဦးဖြစ်သည်။
လက်ျာပျံချီသည် ငယ်စဉ်ကပင် လက်ရုံးရည်ကောင်းပြီး စစ်နည်းဗျူဟာများနှင့် အကျွမ်းဝင်ခဲ့သူဖြစ်နိုင်သည်။ အဘယ့်ကြောင့်ဆိုသော် သူ၏မွေးချင်းတစ်ဦးဖြစ်သည့် ဗျဉ်းနွဲ့သည် လက်ရုံးရည်ကောင်းလှသလို ရာဇာဓိရာဇ်ကို ရှုံးလုနီးနီးဖြစ်အောင် ဆင်စီးချင်းထိုးနိုင်ခဲ့သူ ဖြစ်သည်။
သူ၏ဖခင်ဖြစ်သူသည်လည်း ဆွေသားမျိုးသား၊ ဗိုလ်ပါဆင်မြင်း အင်အားကြီးလှသူတစ်ဦးဖြစ်ပြီး မြောင်းမြ၊ ပုသိမ်၊ ဒေးပသွယ် စသည့် မွန်ဒ(မွန်တိုင်)ပြည်ဟု ခေါ်နိုင်သော ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသကို ပဒေသရာဇ်နိုင်ငံငယ်လေးတစ်ခုကဲ့သို့ အုပ်စိုးခဲ့သူဖြစ်သည်။
သို့သော် လောက်ဖြားသည် ပဲခူး၌ နန်းတက်လာသည့် စစ်ဘုရင် ရာဇာဓိရာဇ်ကိုကား ယှဉ်နိုင်စွမ်း မရှိခဲ့ဘဲ အရှုံးပေးလိုက်ရပြီးနောက်တွင် လက်ျာပျံချီသည် အင်းဝသို့ ထွက်ပြေးပြီး အင်းဝ၏သြဇာအောက် ခိုဝင်ခဲ့ရလေသည်။
ဖခင်ဖြစ်သူ လောက်ဖြားသည် ရာဇာဓိရာဇ်၏ ရန်သူတော်ကြီးဖြစ်သလို မွေးချင်းဖြစ်သူ ဗျဉ်းနွဲ့သည်လည်း ရာဇာဓိရာဇ်အား စီးချင်းယှဉ်ထိုးခဲ့သူဖြစ်ရာ လက်ျာပျံချီအနေဖြင့် မိုးပျံလောက်အောင် အရည်အချင်းများနှင့် ပြည့်စုံသူဖြစ်ပါစေ၊ ရာဇာဓိရာဇ်လက်အောက်တွင် သူကောင်းဖြစ်မည်မဟုတ်ဟု သူတွေးခဲ့ဟန်ရှိသည်။ ထို့ကြောင့် အင်းဝလက်အောက်ခံအဖြစ် ခစားဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်မည်။ ထို့နောက် အင်းဝလက်အောက်တွင် ခိုလှုံရင်း အချက်အခြာကျသည့် ပြည်မြို့၌ မြို့စားဖြစ်ခဲ့သလို အောင်ပွဲအလီလီရခဲ့သည့် သူရဲကောင်းတစ်ယောက်ဖြစ်ခဲ့သည်ဖြစ်ရာ သူ့ဆုံးဖြတ်ချက်မှန်ကန်ခဲ့သည်ဟု ဆိုနိုင်ပေသည်။
လက်ျာပျံချီသည် အင်းဝဘုရင် မင်းကြီးစွာစော်ကဲ လက်ထက်ကတည်းက ပြည်မြို့စားဖြစ်ခဲ့ခြင်းဖြစ်သော်လည်း ထင်ထင်ရှားရှား အောင်ပွဲရယူနိုင်ခဲ့သည်မှာကား အင်းဝ၌ ဘုရင်မင်းခေါင်နန်းတက်ခါစတွင် ဖြစ်သည်။
သက္ကရာဇ်၇၆၃ခုနှစ်တွင် အင်းဝ၌ မင်းခေါင်နန်းတက်သောအခါ ရာဇာဓိရာဇ်သည် ရေကြောင်း၊ ကြည်းကြောင်း အလုံးအရင်းနှင့် အင်းဝကို စစ်ချီသည်။ မင်းပြောင်းမင်းလွှဲဖြစ်လျှင် ပဒေသရာဇ်နိုင်ငံများဖြစ်သည့်အားလျော်စွာ ဘုရင်အသစ်သည် မြို့စားနယ်စားများအပေါ် သြဇာသက်ရောက်မှုအားနည်းလေ့ရှိကြသည်။ အခန့်မသင့်လျှင် အားစမ်းမှုများ၊ ပုန်ကန်မှုများကိုပင် ကြုံရလေ့ရှိတတ်သည်။ ထိုအချက်ကို အခွင့်ကောင်းယူ၍ ရာဇာဓိရာဇ်က အင်းဝသို့ စစ်ချီသည်။ မင်းခေါင်မှာ ခုခံဖို့ထက် နန်းတွင်း၌ပင် သြဇာတည်ဆောက်နေရချိန်ဖြစ်သည်။
ထိုအချိန်၌ ပြည်မြို့မှာ လက်ျာပျံချီက မြို့စားအဖြစ်ရှိနေသည်။
သူက သူအပိုင်စားရသောမြို့၏ ပထ၀ီအနေအထားကို ကောင်းစွာသိသူဖြစ်သည်။ ပြည်မြို့သည် ဟံသာဝတီမှ အင်းဝသို့ ကြည်းကြောင်းသွားရာလမ်းကြောင်းတစ်လျှောက် အချက်အချာကျသောမြို့၊ မြစ်ကမ်းနံဘေးတွင် တည်ရှိသောကြောင့် ရေကြောင်းလမ်းပန်းဆက်သွယ်ရေးအချက်အချာ မြို့ကြီးလည်း ဖြစ်သည်။ ပြည်မြို့ ကျသည်နှင့် အင်းဝ၏အနာဂတ်သည် တွေးပူစရာအနေအထားဖြစ်သည်။ ပြည်မြို့ကျလျှင် အင်းဝနိုင်ငံတော်၏ တောင်ဘက်တံခါးပေါက်ပွင့်သွားပြီဟုပင် ဆိုနိုင်မည်ထင်သည်။
ထိုအနေအထားကို ကောင်းစွာသိထားသည့် လက်ျာပျံချီသည် အရာရာအတွက် ကြိုတင်ပြင်ဆင်ထားခဲ့သည်။ မြို့ရိုးမှာ အုတ်မြို့ရိုးဖြစ်ပြီး ကျုံးမြောင်းများကို စနစ်တကျပြင်ဆင်ထားသလို အုတ်မြို့ရိုးအပြင်ဘက်တွင်လည်း မြေမြို့ရိုးဖြင့် ရံထားသေးသည်။ လက်နက်လူသူအများအပြားစုဆောင်းထားရှိပြီး ရန်သူ့စစ်ရောက်လာခဲ့သော် လပေါင်းများစွာ ခုခံနိုင်ရန် ရည်ရွယ်၍ ရိက္ခာများလည်း စုဆောင်းထားသည်။
ရာဇာဓိရာဇ်၏တပ်များ ချီတက်လာသည်ကို သိသည်နှင့် လူသူရိက္ခာများကို မြို့တွင်း အမြန်သွင်းစေကာ မြို့တံခါးကို ပိတ်ပြီး ခုခံရန် အသင့်ဖြစ်နေချေပြီ။
မွန်တပ်များကလည်း ပြည်ကို ၀န်းရံတိုက်ခိုက်သော် တပ်များအနေဖြင့် အင်းဝသို့ မချီတက်နိုင်ဘဲ သည်မှာပင် ရက်အတော်များများ ရပ်တန့်နေမည်ကို သိသဖြင့် ပြည်ကို မတိုက်ဘဲ ကျော်သွားကြလေသည်။
သို့သော် လမ်းခရီး၌ စစ်ကြောင်းနှင့်အတူပါလာသော ရာဇာဓိရာဇ်၏ သမီးတော် တလမည်ကျော် နေမကောင်းဖြစ်သောကြောင့် ရာဇာဓိရာဇ်သည် ခေါင်းလောင်းကျဟူသော အရပ်တွင် တပ်တည်ကာ သမက်တော် စောမဟာရာဇ်ကို တပ်မှူးအဖြစ် ထားခဲ့လေသည်။
ထိုသို့ ထားခဲ့သည်ကို မျက်စိ၊ နား အစဉ်ဖွင့်ထားသည့် လက်ျာပျံချီက သိသည်။
မွန်တပ်များ အင်းဝသို့ ဆန်သွားပြီး နှစ်ရက်ခန့်အကြာ၌ လက်ျာပျံချီသည် စောမဟာရာဇ်တပ်ကို ၀င်တိုက်ရန် စီစဉ်တော့သည်။ နေ့အချိန် ပြည်မြို့တွင်းမှ တပ်များ ထွက်သော် ရန်သူ ရိပ်မိမည်စိုးသဖြင့် ညအခါရောက်မှ မြို့တွင်း၌၀ှက်ထားသော လှေများကို ထမ်းကာ မြစ်အတွင်းချသည်။ ထို့နောက် မြစ်ကြောင်းအတိုင်းဆန်တက်ကာ စောမဟာရာဇ်၏တပ်ကို ၀င်တိုက်လေတော့သည်။
ညအချိန်အလစ်ဝင်တိုက်ခြင်း ခံရသဖြင့် စောမဟာရာဇ်၏တပ်မှာ မည်သို့မျှ မခုခံနိုင်ဘဲ အလဲလဲအကွဲကွဲဖြစ်ကာ စောမဟာရာဇ်ကိုယ်တိုင် လှေငယ်လေးတစ်စင်းဖြင့် ထွက်ပြေးသွားရလေသည်။ လက်ျာပျံချီက တပ်ပျက်သွားသော မွန်ရဲမက်များကို အထက်သို့ မဆန်တက်စေဘဲ အောက်သို့ချည်းသာ စုန်ပြေးရန် မောင်းချပစ်လိုက်နိုင်သည်။
နေမကောင်းသဖြင့် ဖောင်တော်ကြီးပေါ်၌ အနားယူနေသော မွန်မင်းသမီး တလမည်ကျော်ကို လက်ရဖမ်းဆီးမိသည်။ လက်ျာပျံချီသည် တပ်အချို့ကို ခွဲထုတ်ကာ မွန်မင်းသမီးအား အင်းဝသို့ ကြည်းကြောင်းမှတစ်ဆင့် လျှို့ဝှက်ပို့ဆောင်စေပြီး ကိုယ်တိုင်မှာမူ ရရှိသော လက်နက်၊ ရိက္ခာတို့ကို သိမ်းယူပြီးနောက် ပြည်မြို့တွင်း ပြန်ဝင်နေလေသည်။
ရာဇာဓိရာဇ်မှာ ထိုအကြောင်းကို မသိရှာ။ စစ်ကိုင်း၌ စကြိုသူမြတ်နှင့် တွေ့ဆုံစကားစစ်ထိုးပြီးနောက် စစ်ပြန်ရုတ်လာပြီး စလေရောက်မှ သိသည်။ ရာဇာဓိရာဇ်မှာ သမီးတော်တစ်ပါး ရန်သူ့လက်သို့ ပါသွားသဖြင့် ဒေါသအမျက်ခြောင်းခြောင်းထွက်သော်လည်း မည်သို့မျှမတတ်နိုင်တော့ချေ။ မွန်တပ်များမှာ စုန်လိုက်၊ ဆန်လိုက်၊ မြို့သိမ်းတိုက်ပွဲများ ဆင်နွှဲလိုက်နှင့်မို့ အင်မတန်စစ်ပန်းနေပြီဖြစ်ရာ တပ်များအားလုံး ပဲခူးသို့ တပ်ခေါက်ပြန်ကြရလေသည်။
သို့သော် ရာဇာဓိရာဇ်သည် အခဲမကြေ။ ဒေါသတို့က ရင်ထဲမှ လုံးလုံးပျောက်မသွား။ သမက်တော်ကို အနိုင်ယူ၊ သမီးတော်ကို အင်းဝသို့ ဆက်သကာ ထိပါးခဲ့သည့် လက်ျာပျံချီကို စစ်ဘုရင်တစ်ပါး၏ အစွမ်းအကြောင်း ကောင်းကောင်းပြကာ လက်စားချေလိုသည်။ ထို့ကြောင့် လက်နက်လူသူစုဆောင်းကာ နှစ်သစ်ကူးသည်နှင့် ပြည်မြို့ကို လက်ရတိုက်ယူရန် ရေကြောင်း၊ ကြည်းကြောင်း အင်အားကြီးမားစွာဖြင့် စစ်ချီလေတော့သည်။
ဤကား ရာဇ၀င်၌ ထင်ရှားသော ပြည်မြို့တိုက်ပွဲကြီး အစပင်တည်း။
ပြည်မြို့ကို ရည်ရွယ်ချက်ထားကာ မွန်တပ်များ စစ်ချီလာကြောင်း ဘုရင်မင်းခေါင်ကြားသိရသည့်အခါ ပြည်မြို့ကို လုံးဝလက်လွှတ်မခံနိုင်သည့် ဘုရင်မင်းခေါင်ကလည်း အင်အားသုံးသောင်းရှိသော မြင်းတပ်ကြီးငါးတပ်ဖွဲ့ကာ စစ်ကူရန် စေလွှတ်လိုက်သည်။
ရာဇာဓိရာဇ်ကလည်း အင်အားသုံးသောင်းရှိသော တပ်ခုနစ်တပ်ကို ခွဲထုတ်ကာ အင်းဝမြင်းတပ်များကို ခုခံရန် စေလွှတ်သည်။ ကိုယ်တိုင်မူကား အင်အားခုနစ်သောင်းရှိသော ရေတပ်ကို ဦးဆောင်ကာ ပြည်မြို့ကို ၀န်းရံထားလေသည်။
ကြည်းကြောင်းမှ မွန်တပ်များမှာလည်း အင်းဝတပ်ငါးတပ်ကို အနိုင်ယူပြီးနောက် ရာဇာဓိရာဇ်ထံ လာရောက်ပူးပေါင်းပြီး ကြည်းကြောင်း၊ ရေကြောင်းဖြင့် ပြည်မြို့ကို ၀ိုင်းရံကာ အားနှင့်အင်နှင့် တိုက်ခိုက်ကြတော့သည်။
သို့သော် လက်ျာပျံချီ၏ စနစ်တကျပြင်ဆင်ထားသော ခံစစ်ကိုကား မွန်တပ်များ မကျော်နိုင်ကြချေ။ အင်အားအဆမတန်ကွာသော်လည်း မြို့ရိုးအပြင်ဘက်ရှိ ထောင်ချောက်များဆင်ထားသေးသည့် ကျုံးနှင့် သတ်ကွင်းများကို အလွတ်ဖြတ်ကျော်လာကြရသည်ဖြစ်ရာ ပြည်မြို့ရှိ လက်ျာပျံချီ၏တပ်များအတွက် ပစ်ကွင်းကောင်းများပင် ဖြစ်နေတော့သည်။ လေးမြှား၊ သေနတ်၊ အမြောက်၊ လောက်လွှဲစသည့် အဝေးပစ်လက်နက်များကိုလည်း အသုံးပြုသလို မြို့ရိုးအနား ကပ်လာနိုင်သည့် အနည်းငယ်သော ရဲမက်များကိုလည်း ဆီမီးအိုးများ၊ ရေနံ၊ အင်တွဲ၊ ပွဲလျက်များကို အပူပေးလောင်းချ၊ ငရုတ်ရည်ပါမချန်သုံးကာ ခုခံသည်။ အင်မတန်ကြီးမားသော ခြင်းတောင်းကြီးများကို ယက်၍ မီးရှို့ကာ လောက်လွှဲဖြင့် ပစ်သည်။
အကြိမ်ကြိမ်ထိုးစစ်ဆင်သော်လည်း လက်ျာပျံချီ၏ ကွပ်ကဲမှုအောက်မှ ပြည်မြို့တပ်များကို မကျော်နိုင်။ တပ်လန်ကာ ပြန်ပြန်ဆုတ်ခွာရသည်ချည်းဖြစ်သည်။
ထို့ကြောင့် ရာဇာဓိရာဇ်သည် တပ်မှူးများနှင့် တိုင်ပင်ကာ ဗျူဟာပြောင်းရတော့သည်။ ပြည်မြို့ကို အကြိမ်ကြိမ်တိုက်သော်လည်း မရ။ အနီးအနားတွင် ၀န်းရံထားရသည်မှာ ယင်ပေါသဖြင့် ရဲမက်များမှာ အနာအဖျားလဲ များလာသည်။ ထို့ကြောင့် ပြည်မြို့ကို ရိက္ခာမသွင်းနိုင်ရုံမျှသာ ၀ိုင်းရံထားကြမည်။ မြို့တွင်း၌ ငတ်ပြတ်သေကြေကြပြီး အားအင်မရှိတော့မှ လွယ်လင့်တကူသိမ်းယူတော့မည်ဟု ဆုံးဖြတ်ကာ ပြည်မြို့အင်အားနှင့် ညီမျှသော တပ်သုံးတပ်ကို ချန်၍ သစ်တပ်တည်ကာ ဆက်လက်ဝိုင်းရံထားစေပြီး ကျန်တပ်များကို ဧရာဝတီမြစ်တစ်ဖက်ကမ်းရှိ တလည်းဆီးဟူသောအရပ်သို့ ရွှေ့ကာ တပ်ချထားလိုက်ရတော့သည်။
အမှန်တကယ်လည်း ပြည်မြို့တွင်း၌ ရိက္ခာမရှိတော့။ စား၍ရသမျှ ရှာဖွေစားသောက်နေကြရသည်။ နောက်ဆုံးဖွဲနုနှင့် ထန်းအူများကိုပင် မသေရုံတမယ်စားသောက်ကြရတော့သည်။
သို့သော် လက်ျာပျံချီကား အရှူံးမပေး၊ အညံ့မခံ။ စားစရာမရှိတော့၍ သေသော်မှသေစေတော့။ မြို့ကိုတော့ အသက်ရှင်လျက်မပေးနိုင်ဟု စိတ်ပိုင်းဖြတ်ထားသည်။ လက်ျာပျံချီ၏ ကွပ်ကဲမှုအောက်မှ တပ်များသည်လည်း ငတ်မွတ်နေစေကာမူ အသက်စွန့်ပြီး ရန်စစ်ကို တွန်းလှန်ရန် အသင့်ရှိနေကြသည်။
ထိုအချိန်၌ ဘုရင်မင်းခေါင်လည်း အင်အားခုနစ်သောင်းဖြင့် ဒုတိယအကြိမ်စစ်ကူရန် ကိုယ်တိုင်ဆင်းလာနေပြီဖြစ်သည်။ တပ်ပျက်ပြီး ဆုတ်ခွာသွားကြသော မြင်းတပ်ငါးတပ်နှင့်လည်း တွေ့ဆုံပူးပေါင်းကာ အင်အားဖြည့်လိုက်ကြသေးသည်။
ထိုအကြောင်းကို သိသောအခါ ရာဇာဓိရာဇ်က ပြည်မြို့ကို ရံထားသည့် တပ်မှူးသုံးဦးကို ခေါ်ကာ ဆုတ်မည်လော၊ တိုက်မည်လော မေးသည်။ အခြားစစ်သူကြီးများက ဆုတ်ခွာစေလိုသော်လည်း တပ်မှူးသုံးဦးဖြစ်သော သမိန်ဇိပ်ဗြဲ၊ ဗြထပိုက်၊ ဘောကျော်တို့က မဆုတ်လို၊ ပြည်မြို့တွင်း၌ ငတ်မွတ်နေကြပြီဖြစ်ရာ ၄င်းတို့ကို အင်အားဖြည့်ပေးသော် အနိုင်တိုက်နိုင်မည်ဆိုကြသဖြင့် ရာဇာဓိရာဇ်မှ လူသူလက်နက်အင်အားဖြည့်ပေးကား တိုက်စေသည်။
သို့သော် ထိုတပ်သုံးတပ်မှာ အင်အားဖြည့်တင်း၍ ပြည်မြို့ကို ထပ်မံတိုက်ခိုက်ကြသော်လည်း လက်ျာပျံချီ၏ ခံစစ်အစီအမံကို မကျော်နိုင်သည့်အပြင် စစ်ကူရောက်လာသော ဘုရင်မင်းခေါင်၏ တပ်များနှင့်တွေ့ကာ အပြီးသတ်ချေမှုန်းခြင်းကို ခံလိုက်ကြရလေတော့သည်။
ဤကား ခံစစ်ဗျူဟာကျွမ်းကျင်လှသော လက်ျာပျံချီ၏ မြန်မာ့သမိုင်းတွင် ထင်ရှားခဲ့သည့် အောင်ပွဲရ 
ပြည်မြို့တိုက်ပွဲကြီးပင်တည်း။


(ဆက်ရန်)

အားလုံးကိုလေးစားစွာဖြင့်
မင်းအရိပ်