Friday, November 23, 2012

သူ့အကြည့်ကို ကိုယ်သိသည် (ဇာတ်သိမ်း)



နောက်ပိုင်းရက်များ၌ သူသည် ယခင်လို ပုံမှန်အတိုင်းသာ သွားလာလှုပ်ရှားနိုင်စေရန် ဂရုစိုက်ခဲ့သော်လည်း သူမနှင့်မူကား တဖြည်းဖြည်းဝေးကွာလာသယောင် ခံစားနေရ၏။
သူ၏ သူငယ်ချင်းဖြစ်သူက သူမကို ရည်းစားစာပေးဖြစ်သည်၊ မပေးဖြစ်သည်ကို စိတ်မစား၍ သူမသိသော်လည်း ကျောင်းစာသင်ခန်းမှာ၊ ကျူရှင်ချိန်တွေမှာ သူမသည် သူနှင့် နီးနီးကပ်ကပ်ရှိမနေတော့ပေ။
ဘာကြောင့်၊ ဘာအတွက် စသဖြင့်တော့ သူ ရှည်ရှည်ဝေးဝေးစဉ်းစားမနေမိပါ။
သည်လိုနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲများ ဖြေဆိုရန် နီးကပ်လာသောအခါ သူနှင့်သူမသည် ပို၍ ဝေးကွာသွားဖို့ အကြောင်းဖန်လာပြန်သည်။
အထက်တန်းကျောင်းများမှ Private Study လုပ်ရန် တရားဝင်ခွင့်ပြုပေးလိုက်ပြီဖြစ်သဖြင့် သူနှင့် သူမသည် ကျောင်းစာသင်ခန်းများတွင် တွေ့ရန် အခွင့်မရှိတော့။
ထို့ပြင် ကျူရှင်များ၌လည်း ကျောင်းသားကျောင်းသူများအား ထိထိရောက်ရောက်သင်ကြားပေးနိုင်ရန် အဖွဲ့နှစ်ဖွဲ့ခွဲလိုက်ပြီး လူနည်းနည်းချင်းစီ အချိန်ခွဲကာ သီးခြားသင်ကြားပေးသောကြောင့် သူနှင့် သူမသည် တစ်ဖွဲ့စီဖြစ်သွားပြီး ထိုအချိန်မှစကာ တွေ့ဆုံနိုင်ခြင်းမရှိကြတော့ပေ။
သည်လိုနှင့် အချိန်ကြာလာသောအခါ သူသည်လည်း သူမ၏အကြောင်းများကို မစဉ်းစားမိတော့ဘဲ ထိုအရာများသည် သူ့ခေါင်းထဲမှ တဖြည်းဖြည်း ပျောက်ကွယ်သွားလေတော့သည်။
အချိန်များက တဖြည်းဖြည်းကုန်ဆုံးသွားပြီးနောက် တက္ကသိုလ်ဝင်တန်းစာမေးပွဲများဖြေဆိုပြီးသည်အထိ သူနှင့် သူမ လုံးဝ မတွေ့ဆုံဖြစ်ခဲ့ကြပေ။
စာမေးပွဲများဖြေဆိုပြီးသွားသောအခါ၌လည်း သူ၏မိဘများသည် အားလပ်ချိန်များ၌ ပညာရစေရန် သူ့အား ကွန်ပြူတာသင်တန်းတစ်ခု တက်ရောက်သင်ကြားစေလေရာ သူ့တွင် သူငယ်ချင်းများထံ သွားရောက်လည်ပတ်ရန် အချိန်မရှိခဲ့တော့။
ညနေအားလပ်ချိန်များ၌မူ ယောက်ျားလေးသူငယ်ချင်းများနှင့် လက်ဖက်ရည်ဆိုင်၌ စုစည်းကာ တွေ့ဆုံကြခြင်း၊ စနေ၊ တနင်္ဂနွေနေ့များ၌ ချိန်းချက်ပြီး ဘောလုံးကန်၊ ခြင်းခတ်ခြင်းများ ပြုလုပ်ကြသဖြင့် အဆက်မပြတ်သော်လည်း မိန်းကလေးသူငယ်ချင်းများနှင့်ကား ရပ်ကွက်နီးသူအချို့နှင့်သာ တွေ့ဆုံဖြစ်တော့သည်။
ထိုသို့သော ရက်များကို ကျော်ဖြတ်ပြီးနောက် သူ၏ စိတ်ထဲ၌ သူမသည် နေရာယူနိုင်ခြင်းမရှိတော့ဘဲ တဖြည်းဖြည်း မှုန်ဝါးပျောက်ကွယ်သွားတော့သည်။
သည်လိုနှင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းထွက်သောအခါ၌ မျှော်လင့်ထားသည့်အတိုင်း သူသည် ဂုဏ်ထူးအချို့နှင့် အောင်မြင်ခဲ့သလို သူမသည်ကား ရိုးရိုးတန်းတန်းအဆင့်ဖြင့်သာ အောင်မြင်ခဲ့လေသည်။
အောင်စာရင်းထွက်ပြီးနောက် သူတို့သူငယ်ချင်းတစ်စု ကျောင်း၌ ဆရာကန်တော့ပွဲလုပ်ဖြစ်သဖြင့် သူနှင့် သူမ တွေ့ဖြစ်ခဲ့သေးသည်။
သူမနှင့် ရိုးရိုးသားသား စကားပြောဆိုနှုတ်ဆက်ဖြစ်ခဲ့ပြီး သူမထံမှ ယခင်လို ထူးခြားသော အကြည့်များ မရရှိတော့သဖြင့် သူမအနေဖြင့် ငယ်စဉ်က စိတ်ကစားခဲ့ခြင်းများကို မေ့ပျောက်သွားလောက်ပြီဟုတွေးရင်း သူသည် ပြုံးပင်ပြုံးမိလေသည်။
သည်လိုနှင့် တက္ကသိုလ်များ တက်ရောက်ရန် အချိန်ကျရောက်လာသောအခါ၌ သူသည် အမှတ်မီသော အသက်မွေးဝမ်းကြောင်းတက္ကသိုလ်တစ်ခုအား တက်ရောက်ရန် မြို့ကြီးပြကြီးရှိရာသို့ ထွက်လာခဲ့ရပြီး သူမသည်ကား ဇာတိမြေ၌ရှိသော တက္ကသိုလ်တွင်သာ စာပေးစာယူတက်ရင်း ကျန်ခဲ့တော့သည်။
သူတစ်ယောက် ခေတ်မီတိုးတက်လွန်းသော မြို့ပြသို့ ရောက်ရောက်ချင်း အရာအားလုံးကို ပါးစပ်အဟောင်းသားဖြင့်သာ ငေးနေရသည်။
အရောင်စုံ၊ အသွေးစုံ မြို့ပြသည် ၂၄နာရီ လှုပ်ရှားအသက်ဝင်လျက်ရှိပြီး သူ့လို တောသားတစ်ယောက်အတွက် အထူးအဆန်းတွေချည်း ဖြစ်လေသည်။
ထို့ထက်ပို၍ အရောင်စုံ၊ ဒီဇိုင်းစုံ မြို့ပြသူများကား သူ့အမြင်၌ အချောအလှတွေချည်းလို ဖြစ်နေတော့သည်။
မြို့ပြကြီး၏ တက္ကသိုလ်ကြီး၌ အသက်မွေးဝမ်းကြောင်းပညာရပ်ကို သူသင်ကြားဖြစ်ခဲ့သလို နှလုံးသားရေးရာ ပညာရပ်ကိုလည်း မသင်ရဘဲနှင့် အလိုလို တတ်မြောက်လာခဲ့လေ၏။
တည်ငြိမ်အေးချမ်းသော အလှများကို မွေးရပ်မြေ၌ တွေ့ကြုံခဲ့ပြီးဖြစ်သဖြင့် မြို့ပြ၌မူကား သူသည် ပူလောင်စူးရှသော အလှတို့၌ စိတ်ဝင်စားတတ်ခဲ့ချေပြီ။
သည်လိုနှင့် နှလုံးသားရေးရာပညာ၌ အဆင့်တစ်ဆင့်တက်ပြီး သင်ယူဖို့ ကြိုးစားရင်း တက္ကသိုလ်မတူသော်လည်း သူနေထိုင်ရာ အဆောင်အနီးရှိ ရပ်ကွက်ထဲမှ ခပ်သွက်သွက် မြို့ပြဖွား တက္ကသိုလ်ကျောင်းသူတစ်ဦးကို စိတ်ဝင်စားသယောင်ဖြစ်လာ၏။
ရင်ခုန်ခြင်းကို အချစ်ဟု အဓိပ္ပါယ်ဖွင့်တတ်ခဲ့ပြီဖြစ်သော သူသည် ထိုမိန်းကလေးအား ချစ်မိပြီလားဟု သူ့ကိုယ်သူ သုံးသပ်နေချိန်မှာပင် မဆွတ်ခင်က ညွတ်ချင်နေသော ကာလာစုံပန်းကလေးနှင့် ချစ်သူရည်းစားဖြစ်ခဲ့ရတော့သည်။
မြို့ပြ၏ မာယာသည် ရိုးသားသူများအပေါ် ပို၍ ရက်စက်တတ်ကြောင်း သူမသိသေးခင်မှာတော့ သူ့ဘ၀သည် ပျော်ရွှင်ဖွယ်အတိပင်ဖြစ်လေသည်။ အရာအားလုံး ပြည့်စုံသယောင် ရှိလေသည်။
သို့သော် သူ၏ အပျော်တို့သည် အချိန်ကြာကြာမခံလိုက်ချေ။
လအနည်းငယ်အကြာမှာပင် ပန်းကလေး၏ မမွှေးသော သတင်းများက သူ့ထံ ရောက်ရှိလာသည်။
ပန်းကလေးမှာ အထက်တန်းကျောင်းသူဘ၀ကတည်းက သူ့အရင် ချစ်သူရည်းစားတွေ ရှိခဲ့သည်။
သည်လောက်ကို သူမမှုပါ။
သူ ထိခိုက်ခံစားရသည်က ယခုလည်း ပန်းကလေး၏ ချစ်သူရည်းစားများမှာ တက္ကသိုလ်တစ်ခုကို တစ်ယောက်နှုန်းလောက်ရှိသည် ဆိုသော သတင်းဖြစ်လေသည်။
ထို့ထက်ပို၍ဆိုးသည်က ပန်းကလေးသည် သူနှင့် တွဲနေသည်မှာ တကယ်ချစ်၍ မဟုတ်၊ သူက မလည်မ၀ယ်နှင့်မို့ ပျော်စရာကောင်း၍၊ ရှင်းရှင်းပြောရလျှင် ကစား၍ကောင်းသောကြောင့်ဟူသော သတင်းစကားများသည် ပန်းကလေး၏ မိန်းကလေးသူငယ်ချင်းအသိုင်းအ၀ိုင်းထဲမှ သူ့ထံ ရောက်ရှိလာခြင်းဖြစ်လေသည်။
ရိုးသားသော တောသားတစ်ယောက်အား စေတနာထား၍ သတိပေးလာသည့် မြို့ကြီးသူ၊ မြို့ကြီးသား တက္ကသိုလ်ကျောင်းသူကျောင်းသားများ၏ သတင်းစကားများကြား၌ သူသည် ရင်နာနာနှင့် သင်ခန်းစာတစ်ခု ရရှိလိုက်ပေပြီ။
သြော် မြို့ပြမှာ အချစ်ဆိုတာ ကစားစရာ တစ်ခုလိုပါလားဟု သူတွေးမိလေသည်။
သည်သတင်းတွေကို စ စချင်း သူကြားသိရစဉ်က ယောက်ျားလေးတစ်ယောက်ပင်ဖြစ်သော်ငြား မိန်းကလေးတစ်ယောက်၏ လှည့်စားခံခဲ့ရခြင်းကို ရှက်မိသောကြောင့် အဆောင်ထဲမှပင် သူအပြင်မထွက်ဖြစ်တော့။
ပန်းကလေးနှင့်လဲ အဆက်အသွယ်လုပ်ရန် မကြိုးစားတော့ဘဲ မတွေ့အောင်သာ နေတော့သည်။
သူ့ကို စာနာသော အဆောင်နေသူငယ်ချင်းများက အားပေးစကားများ ပြောကြရှာပါသည်။
ဒီမှာ သူငယ်ချင်း မိန်းကလေးတစ်ယောက်ကို ဘာမှ အရှုံးပေးစရာ အကြောင်းမရှိဘူး…” ဟူ၍လည်းကောင်း၊
မင်းရုပ် မင်းရည် မင်းအရည်အချင်းနဲ့ နောက်ထပ် ရည်းစားတစ်ယောက် ထပ်ထားပြလိုက်စမ်းပါကွာ…”
ဟူ၍လည်းကောင်း၊
တစ်ယောက်မဟုတ်ဘူး၊ သုံး၊ လေးယောက်လောက် ထားပြလိုက်စမ်းကွာ၊ သူ့လောက်တော့ မင်းလဲ စွမ်းကြောင်း ပြရမယ်…” ဟူ၍လည်းကောင်း အားပေးကြရှာ၏။
တဖြည်းဖြည်းနှင့် သူ၏ အချစ်အပေါ် ထားရှိသော ရိုးသားသည့် စိတ်ထားတို့သည် အရောင်ပြောင်းသယောင်ရှိလာခဲ့တော့၏။
သူတို့တောင် မကြောက်မရွံ့ အပျော်ရည်းစားတွေ ရှာထားကြသေးတာပဲ၊ ငါ ယောက်ျားလေး၊ ဘာကြောက်စရာရှိလို့လဲ ဟူသော အတွေးများက သူ့ခေါင်းထဲ ရောက်ရှိလာကြသည်။
မင်းထက်လှတဲ့  မင်းထက်သာတဲ့ ကောင်မလေးတစ်ယောက်ကို ငါ ရှာပြီး တွဲပြဦးမယ် ဟူ၍လည်း သူ၏ စိတ်ထဲ၌ ကြုံးဝါးနေမိလေ၏။
ထိုသို့နှင့် သူ မယှဉ်ပြိုင်ခဲ့သော အချစ်ပြိုင်ပွဲ၌ ရှုံးနိမ့်ခဲ့မှုအား လက်စားချေရန် တအုံ့နွေးနွေးဖြစ်နေခိုက် ကျောင်းပိတ်ရက်တစ်မနက်တွင် သူရှိရာ အဆောင်သို့ ဧည့်သည်တစ်ယောက်ရောက်လာလေသည်။
ထိုသူကား သူ၏ အထက်တန်းကျောင်းတုန်းက သူငယ်ချင်း၊  သူမ၏ မောင်ဝမ်းကွဲပင် ဖြစ်ပါ၏။
သူငယ်ချင်း၊ ဘယ်တုန်းက ရောက်လဲ…”
ဒီနေ့ပဲ ရောက်တယ်ကွ အဘိုးဆုံးသွားလို့ တက်လာတာ…”
အော် စိတ်မကောင်းပါဘူးကွာ မင်းတို့အဘိုးက ဒီမြို့ပေါ်မှာလား…”
မဟုတ်ဘူး နယ်မှာဆုံးတာ ဒီကတဆင့် အဝေးပြေးကားနဲ့ ဆက်သွားရမှာ…”
အော် အေးအေး ကားက ဘယ်အချိန်လဲ…”
ညနေမှ သူငယ်ချင်း အခု ဒီက အသိတစ်ယောက်အိမ်မှာ ခဏ၀င်နားနေတယ် ညနေမှ သွားမှာဆိုတော့လေဒါနဲ့* * * *လည်းပါတယ်ကွ…”
ရုတ်တရက် သူငယ်ချင်းက သူမ၏ နာမည်ကို ထုတ်ပြော၏။
သူမလည်း လိုက်ပါလာသည် ဆိုပါလား။ အင်းပေါ့။ သူငယ်ချင်း၏ အဘိုးကလည်း သူမ၏ အဘိုးပင် မဟုတ်လား။
သူက မြေးဦးမိန်းကလေးဆိုတော့ အဘိုးက သူ့ကို တအားချစ်တာကွ။ သူကလည်း အဘိုးကို တော်တော်ချစ်တာ။ ခုလဲ အဘိုးမဆုံးခင်က အဘိုးအနားမှာ သူ မရှိလိုက်ရဘူးဆိုပြီး ငိုငိုရယ်ရယ်ဖြစ်နေလေရဲ့။ ရုတ်တရက်ကြီးဆိုတော့လဲကွာ ဘယ်တတ်နိုင်ပါ့မလဲ…”
သူငယ်ချင်းဖြစ်သူက သူ့ကို ရှည်လျားစွာ ရှင်းပြနေလေသည်။
မိန်းကလေးဆိုတော့လည်း သည်လိုပဲ ခံစားရရှာမှာပေါ့ဟု သူ တွေးလိုက်သည်။
ဒါနဲ့ မင်းအချိန်ရရင် သူနဲ့ လိုက်တွေ့ပြီး စကားလေးဘာလေး ပြောပေးပါလား။ မတွေ့တာကြာတဲ့ သူငယ်ချင်းနဲ့ တွေ့ရမှာဆိုတော့ သူလဲ နည်းနည်း စိတ်သက်သာရာ ရနိုင်တာပေါ့…”
သူ့ သူငယ်ချင်းက သူ့ကို ပြောသည်။ သူလည်း  သဘောတူလိုက်သည်။
 အေး လိုက်ခဲ့မယ်လေ ခဏစောင့် အ၀တ်အစားလဲလိုက်ဦးမယ်…”
သူလည်း အဆောင်ပေါ်တက် အ၀တ်အစားကပျာကယာလဲကာ သူငယ်ချင်းနှင့်အတူ လိုက်ခဲ့လေသည်။
သူငယ်ချင်းတို့ ခေတ္တတည်းခိုလျက်ရှိသော အိမ်သို့ ရောက်သောအခါ မျက်ရည်ပြည့်နေသော မျက်ဝန်းများနှင့်အတူ သူမကို တွေ့ရလေ၏။
သူမသည် မျက်ရည်များကြားမှပင် ကာလာစုံမခြယ်သထားပါဘဲ ချောမောလှပလျက် ရှိနေပေသည်။
သာမန်အချိန်များ၌ နင် ပိုလှလာပါလားဟု သူနှုတ်ဆက်မိမည်ဖြစ်သော်လည်း ယခုတော့ ထိုသို့ မပြောဖြစ်တော့ဘဲ ပြုံးရုံသာ ပြုံးပြလိုက်မိသည်။
ကြီးကြီး ကျွန်တော်တို့ အပြင်ခဏသွားလိုက်ဦးမယ်နော် သူငယ်ချင်းလဲ ပါလာတော့ အေးအေးဆေးဆေး စကားပြောချင်လို့…”
သူငယ်ချင်းဖြစ်သူက အတူပါလာသော သူမ၏ မိခင်အား ခွင့်တောင်း၏။
အေး အေး သူငယ်ချင်းတွေ စကားပြောကြဦးပေါ့ ကားချိန်မီအောင်တော့ ပြန်လာကြဦးနော် ကလေးတွေ…”
ဟုတ်ကဲ့ကြီးကြီး…”
ခွင့်ပြုချက်ရပြီးနောက် သူမတို့ မောင်နှမနှစ်ယောက်အား အအေးဆိုင်တစ်ဆိုင်သို့ သူဦးဆောင်ကာ ခေါ်လာခဲ့၏။
ထိုဆိုင်ကလေးက အခင်းအကျင်းကောင်းပြီး ဆိတ်ငြိမ်သော နေရာလေးလည်း ဖြစ်သည်။ နောက်ပြီး သူနှင့် သူ၏ပန်းကလေးတို့ ထိုင်နေကျ ဆိုင်လည်း ဖြစ်သည်လေ။
လမ်းတစ်လျှောက် သူနှင့် သူငယ်ချင်းသာ စကားပြောလာခဲ့သော်လည်း သူမကတော့ တစ်ခွန်းမျှ ၀င်မပြောပေ။
ကျလုဆဲဆဲ မျက်ရည်များကိုသာ ထိန်းသိမ်းနေရင်း သူမ လိုက်လာခဲ့သည်။
ဆိုင်ရောက်သောအခါ သူသည် စကားကို ထိန်းထိန်းသိမ်းသိမ်းပြောသော်လည်း စကားမကြွယ်သဖြင့် သူမ၏ ငိုချင်စိတ်များကို လျော့ပါးသွားအောင် မလုပ်နိုင်ခဲ့ပေ။
သူမကိုပါ စကားဝိုင်းထဲ ပါလာအောင် ခေါ်ရင်းက ပြောနေမိကြသော စကားများသည် သူမ၏အဘိုးဖြစ်သူအကြောင်း ရောက်သွားပြီးနောက် သူမ၏ ပါးပြင်ပေါ်၌ မျက်ရည်များ ကျဆင်းလာတော့သည်။
သူလဲ စိတ်မကောင်းဖြစ်သွားကာ ပျာပျာသလဲနှင့် အိတ်ကပ်ထဲမှ အသင့်ဆောင်ထားသော တစ်ရှူးအိတ်ထဲမှ တစ်ရှူးတစ်ရွက်ထုတ်ကာ သူမကို ကမ်းပေးလိုက်မိ၏။
မငိုပါနဲ့ဟာ ဒီလိုပါပဲ ပြောမယ့်သာ ပြောရတာ ငါ့အဘိုးဆုံးတုန်းကလဲ ငါငိုတာပါပဲ ရော့ ရော့ မျက်ရည်သုတ်လိုက်နော်…”
မိန်းကလေးများအား လိုအပ်ချိန်တွင် မည်သို့ဂရုစိုက်သင့်ကြောင်းကို မြို့ပြကြီးထံမှ သူသင်ကြားပြီးသား ဖြစ်လေရာ ရည်ရွယ်ပြုလုပ်စရာမလိုဘဲ သူ့အမူအရာများက သူမကို ဂရုစိုက်ကြောင်း အလိုလိုပြသမိတော့၏။
သူမက သူကမ်းပေးသော တစ်ရှူးကို လှမ်းယူရင်း သူ့ကို မော်ကြည့်သည်။
သူမ၏ မျက်ဝန်းများထဲ၌ ကျေးဇူးတင်ကြောင်းအဓိပ္ပါယ်နှင့်တကွ အခြားခံစားမှုအရိပ်အယောင်တစ်ခုကိုလည်း သူမြင်တွေ့လိုက်မိသည်။
သူမကို သူ ဘာကြောင့်ရယ်မသိ၊ ဂရုဏာသက်စွာ စိုက်ကြည့်နေမိတော့သည်။
သူမက မျက်ရည်များကို သုတ်ပြီး တစ်ရှူးစအား စားပွဲပေါ် တင်လိုက်ချိန်တွင် သူသည် တစ်ရှူးအိတ်အား သူမကို ကမ်းပေးလိုက်ပြန်သည်။
နောက်ငိုတဲ့အခါ သုတ်ရအောင် ယူထားလိုက်နော်…”
ကျေးဇူးပဲနော်…”
သူမက ကျေးဇူးစကားဆိုရင်း တစ်ရှူးအိတ်အား လှမ်းယူလိုက်သည်။
ထိုသို့နှင့် စကားပြောကြရင်း အချိန်အနည်းငယ်ကြာသွားသောအခါ သူတို့သူငယ်ချင်းတစ်စု အအေးဆိုင်မှ ထွက်ခွာခဲ့ကြပြီး တည်းခိုရာအိမ်ရှိရာသို့ ပြန်လာခဲ့ကြသည်။
လမ်း၌ အတွေးကိုယ်စီဖြင့် သူတို့အားလုံး စကားမပြောဖြစ်ကြ။
သူ၏ အတွေးထဲ၌လည်း သူမသည် ယခုအချိန်ထိ သူ့အပေါ်ခံစားချက်များကို မမေ့လောက်သေးကြောင်း တွေးနေမိလေသည်။
လမ်းလျှောက်လာကြရင်း စတိုးဆိုင်တစ်ဆိုင်ကို တွေ့သောအခါ သူငယ်ချင်းဖြစ်သူက ကားစီးရင်း မူးမော်ခြင်းမဖြစ်စေရန် လိုအပ်သည်များ ၀ယ်ဦးမည်ဆိုကာ ဆိုင်ထဲ ၀င်သွား၏။
လမ်းမပေါ်၌ သူနှင့် သူမ နှစ်ယောက်တည်း ကျန်ခဲ့သည်။
သူသည် အရိပ်ရှိရာ နေရာကို လိုက်ရှာရင်း အပင်တစ်ပင်အောက်သို့ သူမကို ခေါ်လာခဲ့၏။
 “ ဒီမှာက ငါတို့မြို့ထက် ပိုပူတယ်ဟ သိလား…”
သူမက ခေါင်းငြိမ့်သည်။
နောက်ဆို အပြင်လာရင် ထီးလေးဘာလေး ဆောင်နော် နေပူတယ် နင့်အသားဖြူဖြူလေးတွေ မည်းကုန်ဦးမယ်…”
သူက ပြုံးပြီး သူမကို စိုက်ကြည့်ကာ ပြောလိုက်သောအခါ သူမကလည်း ပြုံးရင်း သူ့ကို ပြန်ကြည့်သည်။
ဖြူဝင်းသော အသားအရည်နှင့် လိုက်ဖက်ညီစွာ လှပနေသောသူမသည် မျက်ရည်များကြားမှပင် အရောင်တစ်စုံတစ်ရာ မခြယ်သထားပါဘဲ သူ၏ ကာလာစုံပန်းကလေးထက် အဆများစွာ ချောမောသိမ်မွေ့ကြောင်း သူ သတိထားမိလိုက်သည်။
သူမသည် ပန်းကလေးထက်သာသော၊ လှသော မိန်းကလေးတစ်ယောက်ဖြစ်သည်။ သူမနှင့် ချစ်သူဖြစ်ခွင့်ရခဲ့လျှင်
အတွေးကြားမှ သူမ၏ မျက်ဝန်းကို ကြည့်လိုက်သောအခါ သူ့ရင်ထဲ ဒိန်းကနဲ ဖြစ်သွားတော့၏။
မျက်ဝန်းများ၏ အဓိပ္ပါယ်တို့ကို ဖတ်တတ်နေပြီဖြစ်သော သူသည် သူမ၏ မျက်ဝန်းထဲမှာ မျှော်လင့်ခြင်းအရိပ်အယောင်များကို တွေ့လိုက်ရလေသည်။
မရည်ရွယ်ပါဘဲ ဂရုစိုက်မှုများစွာကို ပြသမိခဲ့သောသူသည် မလုံမလဲခံစားလိုက်ရ၏။
ဖြစ်သင့်၊ မဖြစ်သင့် အတွေးများ လွန်ဆွဲရင်း သူ့စိတ်ထဲ ရှုပ်ယှက်သွား၏။
ထို့နောက် အတွေးဆိုး၊ အတွေးရိုင်းများကို သူ့စိတ်ထဲမှ မနည်းမောင်းထုတ်လိုက်ရတော့၏။
အပြန်လမ်းတစ်လျှောက်လုံး သူ စကားမပြောဖြစ်တော့ပါ။
သူမက သူ့မျက်နှာကို ဂရုတစိုက် လှမ်းလှမ်းကြည့်နေမည်လား သူ သတိမထားမိတော့ပါ။
သူ့ကိုယ်သူ အပြစ်တင်နေသည်။ သူ့ဘာသာ နောင်တရမိနေသည်။
သူမတို့ တည်းခိုရာအိမ်သို့ ရောက်ပြီး အားလုံးကို နှုတ်ဆက်ကာ အဆောင်သို့ ပြန်လာခဲ့သည့် အချိန်အထိ သူ့စိတ်အတွေးတွေ ရှုပ်ယှက်ခတ်နေတုန်းဖြစ်သည်။
မှားခဲ့ပြီ မှားခဲ့ပြီဟု သူ ထပ်တလဲလဲ တွေးနေမိလေသည်။
ရိုးသားသော မိန်းကလေးတစ်ယောက်အား မဖြစ်နိုင်သည့် မျှော်လင့်ချက်များကို သူ ပေးခဲ့မိလေပြီလား သူ မပြောတတ်ပေ။
သို့သော် အလွန်တရာ ဂရုစိုက်ခြင်းများကို ပြသခဲ့မိသော သူ့အမူအရာများ မှားယွင်းခဲ့ကြောင်းကိုတော့ သူသိသည်။
ကာလရှည်ကြာ တည်ငြိမ်နေခဲ့ပြီဖြစ်သော ရေပြင်အား ဂယက်ထအောင် သူ ခဲလုံးတွေ ပစ်ချမိခဲ့သလို ဖြစ်ချေပြီ။
မလုပ်သင့် မလုပ်ကောင်းသော အရာများကို တွေးခဲ့၊ လုပ်ခဲ့မိပေပြီ။
တကယ်တော့ အပျော်ရည်းစားရှာရန် သူတွေးခဲ့သော အတွေးတို့သည်ပင် နှမချင်းစာနာရမည့် သူတို့ယောက်ျားလေးများ မစဉ်းစားသင့်သော ယုတ်ညံ့သည့် အတွေးများဖြစ်သည်မဟုတ်ပါလော။
ငါ ဘာလို့ အတွေးဆိုး၊ အတွေးရိုင်းတွေ တွေးခဲ့မိပါလိမ့်။
သူ သက်ပြင်းမောကြီးတစ်ခု ချလိုက်မိသည်။
သက်ပြင်းမောနှင့်အတူ ယခင်က စဉ်းစားခဲ့ဖူးသော အတွေးရိုင်းများ အားလုံးကို မောင်းထုတ်လိုက်လေတော့သည်။
အချစ်စစ်နှင့် မချစ်နိုင်သမျှ ကာလပတ်လုံး မည်သည့်မိန်းကလေးကိုမျှ မျှော်လင့်ချက်မပေးမိဖို့ သူ ဆုံးဖြတ်လိုက်လေသည်။
သူမနှင့် တစ်ချိန်ချိန်ပြန်တွေ့လျှင် သူမ၏ မျှော်လင့်ချက်များ ပြန်လည်ရုတ်သိမ်းသွားစေရန် သူ သရုပ်ဆောင်ရပေလိမ့်ဦးမည်။
ဤဆုံးဖြတ်ချက်သည် မှန်သလား၊ မှားသလားတော့  သူ မသိပါ။
သူမကရော သူ့ကို မည်သည့် ထင်မြင်သွားလေမည်နည်း သူ မတွေးတတ်ပါ။
မီးပွိုင့်၌ ရပ်စောင့်နေသော သူတစ်ယောက်သည် မီးပွိုင့်တွင် မီးနီနေရာမှ ၀ါလာသောအခါ ရည်ရွယ်ရာ တစ်ဖက်လမ်းသို့ ရောက်နိုင်တော့မည်ဟု တွေးကာ မျှော်လင့်နေမည်။ သို့သော မီးပွိုင့်သည် ၀ါနေရာမှ စိမ်းမလာဘဲ တစ်ဖန် ပြန်နီသွားလေသော် စောင့်နေသောသူသည် မည်မျှ ဒေါသထွက်လေမည်နည်း။ အခန့်မသင့်လျှင် ကျိန်ဆဲကောင်း ကျိန်ဆဲပေလိမ့်မည်။
သူမကရော မည်သို့ ခံစားရလေမည်နည်း။
သူ့ကို နှလုံးသားမရှိသူ၊ တစ်ဖက်သား၏ ခံစားချက်ကို လျစ်လျူရှုသူ၊ တစ်ဖက်သားကို အလေးမထားသူ၊ ဘောလီဘောပုတ်သလို မြှောက်တင်ပြီးမှ အကျနာအောင် ရိုက်ချတတ်သူဟု ထင်မြင်ယူဆသွားလေမည်လော။
သူ မသိပါ။
တဒင်္ဂပျော်ရွှင်မှုများကို မပေးဘဲ ခဏတာ ရက်စက်ပြလိုက်ခြင်းသည် သူမဘ၀တာတွင် နှလုံးသားဒဏ်ရာ မရစေရေးအတွက်သာ ဖြစ်ကြောင်း သူမ သိနိုင်ပါစေဟုသာ သူတွေးနေမိလေတော့သည်။

(ပြီးပါပြီ)

သူ့အကြည့်ကို ကိုယ်သိသည် (၂)



သူ၏ အတွေးတို့သည် ပစ္စက္ခအခြေအနေသို့ ပြန်ရောက်လာခဲ့ပြန်သည်။
သြော် ရှေ့တိုးဖို့ မလွယ်၊ နောက်ဆုတ်ဖို့ ခက်နေသော အနေအထားမျိုးဖြင့်ပင် ယခုဆို ရက်သတ္တတစ်ပတ်ပင် ကျော်ခဲ့ပြီကော။
သူသည် သက်ပြင်းကို မျှင်းမျှင်းကလေး ချလိုက်ကာ သူမကို မသိမသာ ခိုးကြည့်လိုက်၏။
တော်ပါသေးရဲ့ သူမက သူ့ကို ကြည့်မနေပါ၊ သူငယ်ချင်းများနှင့် စကားကောင်းနေပုံပေါ်သည်။
ယခုတလော သူမသည် သူနှင့် ပို၍ နီးကပ်လာသယောင် ရှိသည်ဟု သူထင်သည်။
ကျောင်းချိန်များတွင် မသိသာသော်လည်း ကျူရှင်ချိန်များတွင် သိသာစေသည်။ ကျူရှင်ဖြစ်သောကြောင့် ကျောင်းစာသင်ခန်းကဲ့သို့ ကျောင်းသားကျောင်းသူဦးရေ မများသည်ကြောင့်လည်း ဖြစ်နိုင်ပါသည်။
သူရော သူမပါ အချိန်စောပြီး ရောက်နေနှင့်သည့်အခါမျိုးများတွင် သူမသည် သူ့ထံသို့ လာကာ သင်္ချာပုစ္ဆာများကို ရှင်းခိုင်းခြင်းမျိုး၊ ဇီဝဗေဒ ရုပ်ပုံများကို ကူညီရေးဆွဲခိုင်းခြင်းမျိုးတို့ လုပ်လာသည်။
သူမ၏ သူငယ်ချင်းအချို့က သူဆွဲတာ လှလဲ မလှဘူးဟု ဝေဖန်ကြသော်လည်း၊ သူကိုယ်တိုင်ကလည်း သူဆွဲသော ပုံများမှာ အခြားသူများဆွဲသော ပုံထက် ထူးခြားပြီး လှပနေဟန်မရှိကြောင်း လက်ခံသော်လည်း သူမကို ကူညီပေးနေရသဖြင့် စိတ်ထဲ ပီတိတစ်ခုလို ခံစားမိလေသည်။
သို့သော် သူနှင့် သူမသည် သူငယ်ချင်းများသာ ဖြစ်ကြပါသည်။
သူ ဆက်၍ စဉ်းစားမိပြန်သည်က ချစ်သူရည်းစားဖြစ်သွားလျှင်ကော ဘာများ ပိုပြီး ထူးခြားသွားမှာလဲ ဟူ၍ ဖြစ်သည်။
သူနှင့် သူမသည် ချစ်သူများ ဖြစ်သွားကြသည်ဖြစ်စေ၊ ယခုအတိုင်း သူငယ်ချင်းများပင် ဆက်ဖြစ်နေလျှင်ဖြစ်စေ မည်သည့်အရာမျှ ထူးထူးခြားခြား ဖြစ်လာလိမ့်မည်ဟု သူ မထင်ချေ။
စာသင်ခန်းတစ်ခန်းထဲမှာ စာသင်နေကြဦးမည်၊ ကျောင်းဆင်းလျှင် ကျူရှင်သို့ အတူသွားကြမည်၊ တစ်ခါတစ်ရံ ထိုင်နေကျ အအေးဆိုင်သို့ သွားထိုင်ကြမည်၊ သူမအကူအညီတောင်းလျှင် ဇီဝဗေဒပုံများ ရေးဆွဲပေးနေဦးမည်၊ မည်သည့်အရာမျှ ပြောင်းလဲသွားလိမ့်မည်မဟုတ်ဟု သူ ထင်သည်။
သည်လိုဆိုလျှင် အခုအတိုင်း ဆက်နေတာကသာ ပိုကောင်းဦးမည်ဟုလည်း သူတွေးလိုက်သည်။
ဟိတ်ကောင် ဘာတွေ စဉ်းစားနေတာတုန်းဟ…”

ရုတ်တရက် သူ၏ကျောပြင်ကို ပုတ်ပြီး သူငယ်ချင်းတစ်ယောက် သူ့ဘေးနားမှာ ၀င်ထိုင်သည်။
ကျောင်းမုန့်စားဆင်းချိန် ကုန်ခါနီးပြီ ဖြစ်သဖြင့် သူ့ဘေးနားမှာ ထိုင်နေကျ သူငယ်ချင်း ပြန်ရောက်လာခြင်းဖြစ်သည်။
ထိုတစ်ယောက်သည် သူ၏အထက်တန်းကျောင်းသားဘ၀တစ်လျှောက်လုံး အခင်မင်ဆုံး၊ အရင်းနှီးဆုံး ပေါင်းသင်းလာခဲ့သည့် သူငယ်ချင်းလည်း ဖြစ်သည်။
မုန့်ဆိုင်သွားတာလား…”
သူက မေးလိုက်သည်။
လူရှင်းတဲ့ နေရာ အကြံသွားထုတ်နေတာကွ…”
သူငယ်ချင်းက ပြန်ဖြေသည်။
ဟေ ဘာအကြံတုန်းဟ…”
ဘာအကြံရမလဲ ရည်းစားစာရေးဖို့လေ အခု အကြံရခဲ့ပြီ ချရေးဖို့ပဲ ကျန်တော့တယ် ဟဲ..ဟဲ…”
ရုတ်တရက်ကြီး ဆိုလာသော သူငယ်ချင်း၏စကားကြောင့် ခဏတာမျှ သူ ကြောင်အမ်းအမ်း ဖြစ်သွားသည်။
ထို့နောက်မှ သိချင်စိတ်ဖြင့် မေးလိုက်၏။
ဘယ်သူ့ကို ပေးမလို့တုန်း မင်းက…”
မှန်းကြည့်လေကွာ ဘယ်သူဖြစ်နိုင်မလဲ…”
သူငယ်ချင်းက လွယ်အိတ်ထဲက ဘောပင်နှင့်စာအုပ်ကို ထုတ်ရင်း သူ့ကို ပြန်မကြည့်ဘဲ ဖြေသည်။
သူ၏ ရင်ထဲ၌ တစ်စုံတစ်ခုကို တွေးပူလိုက်မိသည်။
* * * *များလားကွ ဟုတ်လား…”
သူသည် စိုးရိမ်စိတ်တစ်ဝက်ဖြင့် သူမ၏ နာမည်ကို တစ်လုံးချင်းရေရွတ်ရင်း မေးလိုက်မိသည်။
သူငယ်ချင်းဖြစ်သူက သူ့ကို ပြုံးပြီး ကြည့်ကာ
ဟဲဟဲ မင်း သိပ်တော်တဲ့ ကောင်ဘဲကွ ဗေဒင်ဆရာ လုပ်ပါလား…”
ဟု ပြန်ဖြေလိုက်ရာ သူ့ရင်ထဲ၌ အမျိုးအမည်မသိသော ဝေဒနာတစ်ရပ် ၀င်ရောက် လှုပ်ခတ်သွားလေတော့၏။
မှားပြီ မှားပြီ
ဘာဖြစ်လို့ သူမအမည်ကိုမှ ရွေးပြီး မေးလိုက်မိပါလိမ့်
တခြားနာမည်ကို မေးခဲ့ရမှာ တခြားတစ်ယောက်ယောက်နာမည်ကို မေးခဲ့ရမှာ ခုတော့
ယခုတစ်ခါတွင်တော့ သူ သည် လေးလံထိုင်းမှိုင်းသော သက်ပြင်းမောကြီးကို သူငယ်ချင်းမသိစေရန် ရင်ထဲ၌ပင် သိုဝှက်ထားလိုက်ရလေတော့၏။
ဟဲဟဲ နောက်တာပါကွာ ကြိုက်တာက ကြိုက်တာပဲ ရည်းစားစာပေးရဲသေးဘူးကွ ကြိုပဲ ရေးထားရမှာ…”
သူငယ်ချင်းက ရယ်ဖြဲဖြဲနှင့် ထပ်ပြောသည်။
သူကတော့ ပြုံးပြလိုက်မိသည်ထင်သည်။
မည်သို့ပင်ဆိုစေကာမူ သူ၏ အခင်ဆုံးသူငယ်ချင်းသည် သူမကို ချစ်ကြိုက်နေသည်ဟု ၀န်ခံလိုက်သည်မဟုတ်ပါလော။
ဤသည်လည်း ကံတရား၏ ဆန်းကြယ်သော လှည့်စားချက်တစ်ခုပင် ဖြစ်ပါလိမ့်မည်။
သူ၏ ရှေ့ဆက်မည့် ခြေလှမ်းများသည်လည်း နေရာတွင်ပင် တုံ့နှေးေ၀၀ါးသွားချေလေပြီ။

ထိုနေ့က စာသင်ချိန်အားလုံးကို စိတ်မပါစွာဖြင့် ကျော်ဖြတ်ခဲ့မိသည် ထင်သည်။
သည်လိုနှင့် ကျောင်းဆင်းချိန်ရောက်တော့ သူ ချက်ချင်း ထမပြန်ဖြစ်ပါ။
ယနေ့ သူ စာသင်ခန်းတံခါးကို သော့ခတ်ရမည့်အလှည့် ဖြစ်သောကြောင့် ဖြစ်ပါသည်။
ကျောင်းသားကျောင်းသူများ တဖွဲဖွဲနှင့် ထွက်ခွာသွားကြသော်လည်း သူ နေရာမှ မထဘဲ ထိုင်နေလိုက်သည်။
အားလုံးရှင်းသွားကြသောအခါ သူ စားပွဲခုံများအောက်ရှိ လွယ်အိတ်များ ထည့်ရာ အံများကို လိုက်ကြည့်သည်။ တစ်စုံတစ်ယောက်ယောက် တစ်စုံတစ်ခုခု ကျန်ခဲ့မည်စိုး၍ ဖြစ်သည်။ အကယ်၍ ကျန်ခဲ့ပါက မိမိဘာသာ သိမ်းထားသင့်လျှင် သိမ်းထားရမည်၊ ဆရာ၊ဆရာမများထံ သွားအပ်နှံသင့်လျှင် အပ်နှံရမည် ဖြစ်ပါသည်။
ထိုသို့ လိုက်ကြည့်နေရင်း မိန်းကလေးများ ထိုင်သော အတန်းခုံတစ်ခုံ၏ အံထဲတွင် လက်ကိုင်ပုဝါတစ်ထည် ကျန်ခဲ့ကြောင်း သူတွေ့လိုက်သည်။
တစ်ယောက်ယောက် ကျန်ခဲ့တာ ဖြစ်လိမ့်မည်။
သူ သိမ်းထားပေးလျှင် ကောင်းမလား၊ သည်အတိုင်း ထားခဲ့လျှင်ပဲ ကောင်းမလား ချီတုံချတုံ စဉ်းစားနေခိုက် အခန်းတံခါးဝအနား ကောင်မလေး တစ်ယောက် အမောတကော ရောက်လာသည်။
သူမ မဟုတ်ပါ။ အခြား အတန်းသူ ကောင်မလေးတစ်ယောက်သာ ဖြစ်ပါသည်။
တော်သေးတာပေါ့ အခန်းတံခါး မပိတ်သေးလို့…”
ကောင်မလေးက ရေရွတ်ပြော ပြောရင်း အခန်းထဲ ၀င်လာသည်။
သူက ပြုံးပြရင်း စကားဆိုလိုက်သည်။
လက်ကိုင်ပုဝါ ကျန်ခဲ့တာလား…”
အေးဟယ်…”
 သူက စားပွဲခုံထဲမှ လက်ကိုင်ပုဝါလေးကို လှမ်းယူလိုက်ပြီး သူ့အနားရောက်လာသော ကောင်မလေးကို ကမ်းပေးလိုက်သည်။
ကျေးဇူးပဲဟယ် နင် ရှိနေလို့ပေါ့ သွားတော့မယ်နော်…”
ကောင်မလေးက သူ့ကို ပြုံးပြ၊ ကျေးဇူးစကားဆိုပြီး ပြန်လှည့်ထွက်သွားသည်။
သူ လည်း အခန်းတွင်း တစ်ချက် ဝေ့ကြည့်လိုက်ပြီး အပြင်သို့ ထွက်တော့မည်အပြု အခန်းပြူတင်းပေါက်မှ လှမ်းကြည့်နေသော အတန်းပိုင်ဆရာမကို လှမ်းမြင်လိုက်လေသည်။
သူ အပြင်သို့ ထွက်ပြီး ဆရာမကို ပြုံးပြနှုတ်ဆက်လိုက်သည်။
ဆရာမ အခန်းလာစစ်တာလား…”
ဆရာမက သူ့ကို ပြုံးပြုံးကြီး ကြည့်နေသည်။ ပြီးမှ
ခုနက ဘာလုပ်နေကြတာလဲ…”
သြော် ဆရာမက အစောကတည်းက ရောက်နေတာကိုး။
ဟိုကောင်မလေး လက်ကိုင်ပုဝါကျန်ခဲ့လို့ ပြန်ပေးနေတာပါ ဆရာမရဲ့…”
ဆရာမက သူနှင့် ဟိုကောင်မလေးကို တစ်မျိုးထင်နေပုံပေါ်သည်။ သူ မလုံမလဲ ဖြစ်နေ၏။
နောက်ပြီး ဆရာမက သူ့ကို အတော်ဂရုစိုက်သူလည်း ဖြစ်သည်။ သည်အတန်းထဲမှ ထူးချွန်ကျောင်းသားများ ပေါ်ထွက်ဖို့အရေး ဆရာမက သူ့ကိုလည်း အားကိုးရမည့်သူတစ်ယောက်အဖြစ် ရှုမြင်သူဖြစ်သည်။
အေးပါ ထားပါတော့ ဟိုဟိုဒီဒီ စိတ်ဝင်စားမနေနဲ့နော် ဆယ်တန်းစာမေးပွဲတွေ နီးနေပြီ…”
ဆရာမက သူ့ကို ပြုံးရင်း သတိပေးသည်။ နှစ်ပေါင်းများစွာအတွေ့အကြုံကြောင့် သည်အရွယ်တွေမှာ စိတ်ကစားပြီး အမှားကြုံတတ်ကြသည်များကို ဆရာမက ကောင်းကောင်းသဘောပေါက်လေသည်။
အာ ဟုတ်ကဲ့ပါဆရာမကလဲ သား အဲဒါတွေ စိတ်မ၀င်စားသေးပါဘူး…”
အေးပါ ဟုတ်ပါပြီ စိတ်မ၀င်စားလဲ ပြီးတာပါပဲကွယ် စာပဲ စိတ်ဝင်စား ကြားလား.. ကဲ..ကဲ.. တံခါးပိတ်ပြီးရင် ပြန်တော့သား…”
ဟုတ် ဆရာမ…”
ဆရာမ ထွက်သွားပြီးနောက် သူ စာသင်ခန်းတံခါးကို သော့ခတ်နေရင်း ဆုံးဖြတ်ချက်တစ်ခုကို ပိုင်နိုင်စွာ ချလိုက်လေတော့၏။
ထို ဆုံးဖြတ်ချက်မှာ သူမနှင့် ပတ်သက်၍ မည်သည့်ခြေလှမ်းကိုမျှ ရှေ့ဆက်မတိုးတော့ရန် ဖြစ်လေသည်။

(ဆက်ရန်)

Sunday, November 18, 2012

သူ့အကြည့်ကို ကိုယ်သိသည် (၁)



ဟော သူမသည် သူ့ကို လှမ်းကြည့်နေပြန်ပြီ။
သူမအကြည့်တွေကို သူ သိသည်။
သူမအကြည့်တွေကို သူ နားလည်သလိုလိုရှိသည်။
သူ့အတွေးထဲ၌လည်း တော်တော်ရဲတဲ့ ကောင်မလေးပဲဟု တွေးလိုက်မိသည်။
အတန်းထဲက နောက်ဆုံးခုံမှာ ထိုင်နေရင်း သူ၏အတွေးများက မဝေးသေးသော ရက်သတ္တပတ်များဆီ ကူးလူးရောက်ရှိသွားလေသည်။
ထိုနေ့က သူ ကျောင်းသို့ အစောကြီးရောက်လာခဲ့သည်။ အခြေခံပညာအထက်တန်းကျောင်းများ သင်ကြားမှု၊ သင်ယူမှု စွမ်းရည်ပြိုင်ပွဲအတွက် အစမ်းလေ့ကျင့်ရန် သူတို့တစ်ဖွဲ့လုံး ကျောင်းသို့ စောလာရမည်ဖြစ်ပြီး သူက အစောဆုံး ရောက်နေခြင်းဖြစ်သည်။
ဓာတုဗေဒလက်တွေ့စမ်းသပ်မှုတစ်ခုကို သူတို့ လေ့ကျင့်ကြမည်ဖြစ်သော်လည်း သူ ကျောင်းကို ရောက်သောအခါ လက်တွေ့ခန်းများ တံခါးမဖွင့်သေးပေ။
ထို့ကြောင့် ကျောင်းဆောင် ဆင်ဝင်အောက် လှေကားထစ်တွင် ထိုင်ရင်း သူ တွေးချင်ရာ လျှောက်တွေးနေမိသည်။
မကြာခင်မှာပင် သူ့အနားသို့ ကောင်မလေးနှစ်ယောက်၊ ကောင်လေးတစ်ယောက် ရောက်လာသည်။
ကောင်မလေးနှစ်ယောက်ထဲမှ တစ်ဦးမှာ သူမ ပင်ဖြစ်လေသည်။
သူတို့အားလုံးက ပြိုင်ပွဲဝင်ရန် ရွေးချယ်ခံထားရသော တစ်ဖွဲ့တည်းသားများ ဖြစ်ကြသည့်အပြင် စာသင်ခန်းတစ်ခန်းတည်းသားများလည်း ဖြစ်ကြသည်။
တံခါးလဲ မဖွင့်သေးဘူး...
ထိုသုံးယောက်က ပြောပြောဆိုဆိုနှင့် သူ နံဘေးတွင် အသီးသီးဝင်ထိုင်ကြသည်။
ရောက်နေတာ ကြာပြီလား…”
သူမက သူ့ကို မေးသည်။
မကြာသေးပါဘူးဟာ…”
သူက အပြုံးနှင့် ပြန်ဖြေလိုက်သည်။
စကားနည်းသော သူ သည် အချိန်တော်တော်များများ ခပ်တည်တည်နေတတ်သော်လည်း တခြားသူနှင့် စကားပြောသည့်အခါ ပြုံးပြီး ပြန်ပြောလေ့ရှိသည်မှာ သူ့ပုံစံပင်ဖြစ်သည်။
နောက်မှရောက်လာသော ထိုသုံးယောက်သည် စကားတတွတ်တွတ်ပြောနေကြသည်။
သူ ကတော့ စကားဝင်မပြောဘဲ ဘေးမှသာ နားထောင်နေမိသည်။
ခဏအကြာတွင်တော့ သူတို့အဖွဲ့ထဲမှ အမြွာညီအစ်ကိုနှစ်ယောက် လာနေသည်ကို လှမ်းမြင်လိုက်ရသည်။
ကျောင်းဂိတ်ပေါက်မှာကတည်းက အမြွာညီအစ်ကိုနှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက်တွန်းထိုးရင်း စကားတပြောပြော လျှောက်လာကြသည်။
လှေကားထစ်မှာ ထိုင်နေသော သူတို့အားလုံး၏အကြည့်က မတိုင်ပင်ရဘဲ အမြွာနှစ်ယောက်ကို ကြည့်နေမိကြသည်။
အမြွာနှစ်ယောက်သည် သူတို့နှင့် ပြိုင်ပွဲဝင်ရမည့် တစ်ဖွဲ့တည်းသားများဖြစ်ကြသော်လည်း သူတို့နှင့် တစ်ခန်းတည်းသားများတော့ မဟုတ်ကြပေ။
အဲဒီအမြွာနှစ်ယောက်က ချစ်စရာလေးတွေနော်…”
သူမ ထံမှ စကားလုံးတချို့ ထွက်လာသည်။
သူမကို လှည့်မကြည့်ဘဲ သူ ပြုံးလိုက်ပါသည်။ ထွေထွေထူးထူး ခံစားမိသည်တော့ မရှိ။
သူမ၏သူငယ်ချင်းကောင်မလေးက သူမကို ပီတီတီနှင့် ကြည့်ပြီး နောက်လိုက်သည်။
ဘာလဲ နင်က သူတို့ကို ကြိုက်လို့လား…”
သူမက ခေါင်းကို ဖြည်းဖြည်းချင်း ခါယမ်းရင်း
ကြိုက်စရာလားဟ ကြိုက်ချင်းကြိုက်  * * * ကိုပဲ ကြိုက်မှာပေါ့…”
သူမ၏ စကားအဆုံး၌ လေးယောက်လုံး တဒင်္ဂမျှ တိတ်ဆိတ်သွားကြလေသည်။
သူသည်လည်း ပါးစပ်အဟောင်းသား
သူမ နှုတ်ခမ်းအစုံမှ ထွက်လာသော နာမည်သည် သူ့နာမည် ဖြစ်နေပါရောလား။
ဘာပြန်ပြောလို့ ပြောရမည်မှန်းမသိသလို ဘာလုပ်လို့ လုပ်ရမည်မှန်းလဲ မသိ။
စက္ကန့်အနည်းငယ်အကြာမှ ဟန်ကိုယ့်ဖို့နှင့် သူ ဟန်ဆောင်ပြုံးလိုက်ကာ သူမကို ကြည့်လိုက်သည်။
သူမကတော့ သူ့ကို မကြည့်။ မြေပြင်မှ သူမခြေအစုံကိုသာ သူမကြည့်နေသယောင်ရှိသည်။
ရုတ်တရက် တိတ်ဆိတ်သွားသော ပတ်ဝန်းကျင်ကို သူမ၏ သူငယ်ချင်းကောင်မလေးက အလိုက်သိစွာ ဖောက်ခွဲပစ်လိုက်သည်။
နင်ကလဲ ပြောလိုက်ရင် ဇွတ် ဟိုမှာ ရှက်နေပြီ မျက်နှာကြီးကို ရဲလို့…”
ရယ်ရယ်ပြုံးပြုံးနှင့် သူမသူငယ်ချင်းကောင်မလေးက သူမပခုံးကို ပုတ်ရင်း ဟာသလုပ်ပစ်လိုက်သည်။
သူ ကတော့ ပြုံးရုံကလွဲ၍ ဘာမှ မပြောတတ်၊ မလုပ်တတ်တော့ပါ။
နင်က ပေါက်ကရတွေ လာမေးတာကိုးဟဲ့…”
သူမက သူမသူငယ်ချင်းကို ပြန်ငေါက်သည်။ ရှက်ရမ်းရမ်းခြင်းဆိုတာ သည်လိုမျိုးလား သူမသိပါ။
နင်ကလဲ အစောက ပြောရောပေါ့ ငါပြောပေးမှာပေါ့ မဟုတ်ဘူးလား ယောက်ဖ…”
သူမနှင့် ပါလာသော သူငယ်ချင်းကောင်လေးက သူ့ကို လှမ်းပြောသည်။ ထိုကောင်လေးက သူမနှင့် မောင်နှမ၀မ်းကွဲတော်စပ်သလို သူ နှင့်လဲ ရင်းနှီးပါသည်။
အေးပါကွာ ငါ စဉ်းစားပေးရမှာပေါ့…”
သူ က အလိုက်တသိ ပြန်ဖြေလိုက်ရင်း အပြုံးနှင့်အတူ သူတို့ထံမှ မျက်နှာလွှဲလိုက်သည်။
ထိုအခိုက် အမြွာနှစ်ယောက် သူတို့နား ရောက်လာသဖြင့် နှုတ်ဆက်သံ၊ စကားပြောသံများ ဆူညံသွားကြသည်။
သူ့အတွေးထဲ၌တော့ အတွေးပေါင်းစုံ ရှုပ်ယှက်ခတ်နေတော့သည်။
အတွေးများတတ်သော သူ သည် သူမကြောင့် ပို၍ပင် အတွေးများရပြီ။
သည်လို စကားမျိုးကို သူမ ဘာလို့ ပြောရသလဲ။
အတည်သဘောလား။ စနောက်သည့် သဘောလား။
သူ သည် စာသင်ခန်းထဲ၌ရော၊ မည်သည့်နေရာတွင်မဆို နောက်ပြောင်တတ်သည့်သူမျိုး မဟုတ်သလို သူမသည်လည်း စနောက်တတ်သည့် မိန်းကလေးမျိုး မဟုတ်မှန်း သူသိသည်။
နောက်ပြီး သူက မိန်းကလေးများနှင့် တရင်းတနှီး စနောက် နေထိုင်တတ်သူမဟုတ်သလို စကားနည်းသူ၊ အရှက်အကြောက်ကြီးသူလည်း ဖြစ်သည်။
သည်လိုဆိုလျှင် အတည်များလား။
သို့သော် ချစ်စကား၊ ကြိုက်စကားပြောခြင်းဟူသည် ယောက်ျားလေးကသာ မိန်းကလေးကို ပြောရိုးထုံးစံရှိသည် မဟုတ်လော။
သည်အရာတွေ ထားဦး။
မိမိမှာရော သူမ တက်မက်လောက်စရာ ဘာအရည်အချင်းများ ရှိနေသလဲဟု သူ ပြန်ဆန်းစစ်ကြည့်သည်။
သူ့အနေနှင့်တော့ ဘာမျှရှိသည်မထင်ပါ။
သူသည် ရုပ်ဆိုးလွန်းသူမဟုတ်သော်လည်း ချောမောခန့်ညားသည့် ယောက်ျားလေးစာရင်းထဲတွင် မပါသည်ကတော့သေချာသည်။ ဖြူဝင်းသော အသားအရည်ကြောင့်သာ သူ ရုပ်ဆိုးလွန်းသူ စာရင်းထဲ မရောက်ခဲ့ခြင်းဖြစ်နိုင်သည်။
ဤအရာနှင့် ဆန့်ကျင်ဘက် သူမကတော့ သူတို့အထက်တန်းကျောင်းမှာ ချောမောလှပသည့် စာရင်းထဲ အပါအ၀င်ဖြစ်ကြောင်း သူ သိသည်။
သည်လိုဆို ကျောင်းစာအရာမှာရော
သူသည် ကျောင်းစာအရာမှာ တော်လွန်း၊ ထက်လွန်းသည်မဟုတ်ကြောင်း သူ့ကိုယ်သူ သိသည်။
အတော်များများ၏ အထက်တွင် နေလေ့ရှိသော်လည်း ထိပ်ထိပ်ကြဲအဆင့်တော့ မဟုတ်ပါ။
သူမကတော့ နိမ့်ကျသည့်အဆင့်ထဲမှာ မပါသလို စာတော်သည့် အဆင့်ထဲတွင်လည်း မပါပေ။
သူ၏မိဘများသည် နှစ်ဦးလုံး ၀န်ထမ်းများဖြစ်ကြသည်မို့ တန်ဖိုးကြီးသည့် အသုံးအဆောင်ပစ္စည်းများလည်း သူ မသုံးစွဲနိုင်ပေ။
တစ်ခုရှိသည်က သူ သည် သူ၏ အနေအထိုင်သေ၀ပ်မှုကြောင့် လူတော်တော်များများ၏ ယုံကြည်မှုကို ရယူနိုင်ကြောင်းတော့ သူသိသည်။
သူသည် ထင်ထင်ပေါ်ပေါ်မနေတတ်သလို စကားနည်းသော်လည်း သူနှင့် ပေါင်းသင်းဆက်ဆံဖူးသူတိုင်း သူ့ကို ခင်မင်သွားလေ့ရှိသည်တော့ မှန်ပါသည်။
နောက်ဆုံးတော့ သူမ နှစ်သက်လောက်စရာ အရည်အချင်းမျိုး သူ့တွင် မရှိဟု သူ့ကိုယ်သူ သုံးသပ်လိုက်သည်။
ထိုနေ့တစ်နေ့လုံး ထိုသတင်းစကား ပျံ့နှံ့သွားမလား သူ စိုးရိမ်နေမိသေးသည်။
သို့သော် လေးယောက်သာ သိသော ထိုကိစ္စသည် ကာယကံရှင်များ ၀မ်းတွင်း၌သာ ပုန်းလျှိုးကွယ်ပျောက်သွားဟန် ရှိပေသည်။
ထိုနေ့က အိမ်ပြန်ရောက်သောအခါ ဗီရိုထဲမှ အမှတ်တရပစ္စည်းတစ်ခုကို သူ ရှာဖွေထုတ်ကြည့်မိသေးသည်။
မနှစ်တုန်းက နွေရာသီကျောင်းမပိတ်ခင် အတန်းပိုင်ဆရာမက သူတို့အားလုံးကို ပျော်ပွဲရွှင်ပွဲတစ်ပွဲ ကျင်းပပေးခဲ့သည်။
ပါဆယ်ဂိမ်းကစားကြသလို ကျောင်းသူ၊ ကျောင်းသားများ အချင်းချင်း လက်ဆောင်ပစ္စည်းလေးတွေ လဲလှယ်သည့် ပွဲလည်းပါသည်။
ထိုနေ့က ထူးဆန်းစွာပင် သူ လက်ဆောင်ပေးရမည့် ကျောင်းသူမှာ သူမ ဖြစ်နေခဲ့သလို သူမ လက်ဆောင်ပေးရမည့် ကျောင်းသားမှာလည်း သူ ဖြစ်နေခဲ့သည်။
မဲနှစ်ခါ နှိုက်ရသည်ဖြစ်သော်လည်း ဘာကြောင့် တိုက်ဆိုင်စွာပင် သူနှင့် သူမတို့ နှစ်ယောက်သာ အပြန်အလှန်ဖြစ်နေခဲ့သလဲ သူ သဘောမပေါက်ခဲ့ပါ။
ကံတရား၏ ထူးဆန်းသော ဖန်တီးစေစားမှုတစ်ခုပင် ဖြစ်ပါလိမ့်မည်။
သူက သူမကို လက်ဆောင်ပေးခဲ့သည်မှာ ရိုးရိုးဗလာစာအုပ်တစ်အုပ်သာဖြစ်ပြီး သူမထံမှ သူရရှိခဲ့သည်ကတော့ Writing Padလှလှလေးတစ်ခုသာ ဖြစ်သည်။
Writing Pad ၏ ကာဗာတွင်တော့ ချစ်သူစုံတွဲတစ်တွဲ၏ ကြည်နူးဖွယ် ပုံလှလှလေးတစ်ပုံနှင့်အတူ စာသားအချို့ရှိသည်။
To My First Love ချစ်ဦးသူသို့ ဟူ၍ဖြစ်သည်။
စာရွက်လှလှလေးတွေပါဝင်သော ထိုWriting Padသည် ရည်းစားစာရေးရန်သာ အသုံးဝင်ကြောင်း သူ သဘောပေါက်သည်မို့ သုံးစရာမလိုသဖြင့် ဗီရိုထဲ သည်တိုင်းထည့်ကာ သိမ်းထားဖြစ်လိုက်သည်။
ယခုတော့ သူ ထုတ်ကြည့်နေမိလေပြီ။
ချစ်ဦးသူသို့ ဆိုပါလား
သူ တိတ်တဆိတ်ရေရွတ်ရင်း Writing Pad လေးကို အသာအယာကိုင်ကာ ကာဗာမှ ပုံကို စိုက်ကြည့်နေမိသည်။
သူ့အတွေးထဲ နက်ဖြန် ဘာလုပ်ရင် ကောင်းမလဲဟု စဉ်းစားနေမိသည်။
ကောင်မလေးက အတည်သဘောနှင့် ရေလာမြောင်းပေးလုပ်ခြင်းလား။
သည်လိုဆို သူကရော ကောင်မလေးကို ရည်းစားစကားပြောလိုက်ရတော့မှာလား။
ပြောလိုက်ကာမှ အဟီး ငါက နောက်လိုက်တာ ဟု ပြန်ပြောရင် ဘယ်လိုလုပ်မလဲ။
အတည်ဖြစ်ဖို့ ရာခိုင်နှုန်းများသော်လည်း သူမကို ရည်းစားစကားပြောလိုက်၍ သူနှင့် ချစ်သူရည်းစားများ ဖြစ်သွားသည် ထားဦး သူ့ခေါင်းထဲ မေးခွန်းများစွာ ရှိနေသည်။
သည်လို ခပ်ချောချောလှလှ ကောင်မလေးမှာ တခြားရည်းစား ရှိနေနိုင်သလား။
ချစ်တယ်ဆိုတာကရော ဘာအဓိပ္ပါယ်လဲ။
ချစ်သူရည်းစားဆိုတာကရော ဘာကို ဆိုလိုသလဲ။
ချစ်သူရည်းစားဖြစ်တော့ရော ရိုးရိုးသူငယ်ချင်းဖြစ်နေတာထက် ဘာများ ထူးခြားသွားမှာလဲ။
ထိုနေ့ညက မေးခွန်းပေါင်းများစွာဖြင့်သာ သူ အိပ်ရာဝင်ဖြစ်ခဲ့လေသည်။