Thursday, August 30, 2012

မြန်မာ့ရိုးရာယဉ်ကျေးမှုတစ်ခု - စကားထာဝှက်ခြင်း

ချစ်စကားထာများ
ရှေးခေတ်လူကြီးသူမများ၏ တစ်ဆင့်စကား၊ တစ်ဆင့်နားဖြင့် ကြားရသမျှ စာဟောင်းပေဟောင်းများ၌ ဖတ်ရသမျှ တွေ့ရသမျှတို့တွင် ရှေးလူများသည် လူပျိုလှည့်ရာ၌ စကားထာ၊ စကားဝှက်၊ စကားလိမ် အစရှိသည်များဖြင့် ပုစ္ဆာအမျိုးမျိုးတို့ကို တန်ဆာဆင်ပြီးလျှင် မိမိတို့နှစ်သက်ရာ အပျိုအိမ်များသို့ သွားရောက်ကြပြီး အပြန်အလှန် ဥာဏ်စမ်းလေ့၊ ၀ှက်ဆိုလေ့ ရှိကြသည် ဆို၏။
ဤဓလေ့ထုံးစံများသည် အလွန်သိမ်မွေ့ယဉ်ကျေး၍ ချစ်စရာကောင်းလှပေသည်။
တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက် အစုလိုက်ဖြစ်စေ ပြိုင်ဆိုင်ကြရာ၌ မည်သူသည် ဗဟုသုတ ကြွယ်ဝသည်၊ မည်သူသည် ပြောရေးဆိုခွင့်တွင် တတ်သိလိမ္မာသည်၊ ယဉ်ကျေးဖွယ်ရာသည်၊ ဥာဏ်ထက်သည်၊ ဖြတ်ထိုးဥာဏ်ကောင်းသည်၊ စိတ်ရှည်သည်၊ စိတ်တိုသည်၊ ဇွဲရှိသည်၊ ဇွတ်ငြင်းသည်၊ သည်းခံစိတ်ရှိသည်၊ အနိုင်ယူလိုစိတ်ရှိသည် စသည်ဖြင့် အကဲခတ်နိုင်သည်ဖြစ်သောကြောင့် ဤရှေးမြန်မာတို့၏ ဓလေ့ထုံးစံတစ်ရပ်သည် ဟောင်းပင်ဟောင်းသော်လည်း ကောင်းလှသည့် မြန်မာမှုတစ်ရပ်ပင် ဖြစ်လေသည်။
များသောအားဖြင့် စကားထာဝှက်ကြသောအချိန်သည် တစ်နေ့တာ၏ လုပ်ငန်းဆောင်တာများ ပြီးစီး၍ အားလပ်သော ညချမ်းချိန်ခါ၊ လူကြီးမိဘများ အိပ်ရာဝင်ချိန်ဖြစ်သည့် သက်ကြီးခေါင်းချချိန်မှစ၍ သန်းခေါင်ကြက်တွန်ချိန်ထိဖြစ်သည်။
စကားဝိုင်းဖွဲ့ကြရာတွင် စကားစပ်ကလည်းဝင်မှ၊ အလည်ရောက်လာသူ ကာလသားကလည်း နှုတ်စရွှင်ပါမှ အိမ်ခံအပျိုများမှ လှိုက်လှိုက်လှဲလှဲနှင့် ဧည့်ဝတ်ပြုလို၊ လက်ခံလိုကြပေသည်။
သို့မဟုတ်လျှင် ဧည့်ခံသူ အပျိုများသည် အလည်လာသူ ကာလသားမပြန်မချင်း တသမ်းသမ်း တဝေေ၀နှင့် တပျင်းရိရိ ဖြစ်နေတတ်ကြ၏။
(၁)တော်တော်ဆိုးတဲ့ကြောင်
ရှေးတုန်းက ကျေးရွာကြီးတစ်ရွာတွင် စိတ်တို၍ ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်သော အပျိုကြီးတစ်ယောက် ရှိသည်။
ထိုအပျိုကြီးကို စုံမက်နှစ်သက်သော လူပျိုကြီးသည် သူငယ်တိတ်ဆိတ်ချိန်မှစ၍ ရောက်လာကာ အပျိုကြီး ရက်ကန်းခတ်နေသည့်နေရာသို့ လာထိုင်လျက် ရက်ကန်းစင်မှာ ထွန်းညှိထားသည့် မီးတိုင်မှ မီးကျီးခဲများကို ဆွပေး၊ ကော်ပေးခြင်းနှင့် ရက်ကန်းစင်မှ ချည်ပြတ်များကို ဆက်ပေးခြင်း စသည်ဖြင့် ကူညီပေးလေ၏။
အပျိုကြီးသည် လူပျိုကြီးအပေါ်တွင် အနည်းငယ် နှစ်သက်တွယ်တာစိတ် ရှိသည့်အတိုင်း လူပျိုကြီး သူ့ထံသို့ ရောက်လာလျှင် ရောက်လာချင်းမှာပင် " ကျွန်းတုံးကြောင်လျှောက် " ဟု ဆီးကြို နှုတ်ဆက်လိုက်လေသည်။
' ကျွန်းတုံးကြောင်လျှောက်၊ လွန်း(လွမ်း)တုန်းမောင်ရောက် ' ဟူသော အဓိပ္ပါယ်ကို မရိပ်မိသော လူပျိုကြီးသည် အလွန်ရိုးအစွာဖြင့် " တော်တော်ဆိုးတဲ့ကြောင်၊ နေရာရှားလိုက်တာ ကျွန်းတုံးပေါ်မှ တက်လျှောက်ရတယ်လို့ " ဟု မြည်တွန်လိုက်လေသည်။
(၂)ညောင်ကန်ကြက်
ဤသို့နှင့် လူပျိုကြီးသည် အခြားသော ကာလသားများနည်းတူ စကားထာဝှက်ခြင်း၊ ပြိုင်ခြင်း အစရှိသည်များနှင့် အခြားသော စိတ်ဝင်စားဖွယ်ရာများကို ဖွဲ့ဖွဲ့နွဲ့နွဲ့ မပြောတတ်ခြင်းများကြောင့် အပျိုကြီးသည် လူပျိုကြီးကို ဆက်လက်ဧည့်ခံရန် ပျင်းရိငြီးငွေ့လာသဖြင့် ငိုက်မျဉ်းလာလေ၏။
အပျိုကြီးကလည်း စကားမစ၊ လူပျိုကြီးကလည်း စကားမစနှင့် သန်းခေါင်ကြက်တွန်သံပင် ကြားရချိန်သို့ ရောက်လာသည်။
အပျိုကြီးသည် လူပျိုကြီးပြန်ရန် မည်သို့ပရိယာယ်ဆင်ရပါမည်နည်းဟု အကြံယူနေစဉ်မှာပင် သန်းခေါင်ကြက်တွန်သံကို ကြားလိုက်ရ၍ အပျိုကြီးသည် ခေါင်းထဲသို့ အကြံတစ်ခု ၀င်လာလေသည်။
ထို့ကြောင့် အပျိုကြီးသည် လူပျိုကြီးကို စကား စတင်လိုက်သည်။
" မောင်ကြီးရဲ့၊ ကြက်တွေ တွန်ကုန်ပါရော့လား၊ ဘာကြက်များပါလိမ့်တော်.."
အပျိုကြီး၏ ပရိယာယ်နှင့် မေးလိုက်သည်ကိုလည်း မရိပ်မိ၊ သူ့ကို ပြန်စေလိုသည်ကိုလည်း မသိရှိသော လူပျိုကြီးခမျာသည် အပျိုကြီး၏ မေးခွန်းနှင့် ဆန့်ကျင်ဘက်ကျစွာ ပြန်လည်ဖြေလိုက်သည်ကား-
" ညောင်ကန်ကြက်လား၊ တညင်ကြက်လား၊ တစ်ကောင်ကောင် ဖြစ်တော့မပေါ့" ဟူသတည်း။
အပျိုကြီးသည် လူပျိုကြီး၏ မသိသားဆိုးရွားမှုကို သည်းမခံနိုင်တော့သည့်အပြင် လူကလည်း အိပ်ငိုက်စပြုလာပြီဖြစ်၍ မျက်နှာထားတင်းတင်းထားလျက် လူပျိုကြီး၏မျက်နှာကို လက်ညှိုးနှင့် ငေါက်ငေါက်ထိုးကာ-
" အချိန်ကို သိချင်လို့ မေးတာတော်ရေ့၊ ကိုင်း သိပလား.."
ဟု ခပ်ဆတ်ဆတ်အသံနှင့် တိတိလင်းလင်းကြီး ဖွင့်ပြောလိုက်လေတော့၏။
ဤတွင် လူပျိုကြီးသည် အပျိုကြီး၏ ဒေါသတကြီးနှင့် မျက်နှာကို မြင်လိုက်ရသဖြင့် ဆိုလိုရင်းအဓိပ္ပါယ်ကို ရိပ်မိသိရှိသွားတော့သည့်ပမာ မျက်နှာချိုသာစွာနှင့်-
" သြော် အချိန်ကို မေးတာလား။ သိပါဘူးဗျာ။ မောင်ကြီးက မျိုးရိုးကို မေးတာ မှတ်လို့၊ အချိန်ဆိုရင် ဘာရှိမှာလဲ၊ ဒီကောင့်အသံ သေးသေးလေးရှိသေးတာပဲ။ အလွန်ဆုံး တစ်ပိဿာထက် မပိုပါဘူး" ဟူ၍ ဖြေလိုက်လေသတည်း။
ချစ်စရာကောင်းသည့် အဖိုးထိုက်သော ဓလေ့
ညဘက် လသာသာ၌ ဆန်ဖွပ်ရင်း၊ မောင်းထောင်းရင်း၊ ရက်ကန်းခတ်ရင်း၊ ချည်ငင်ရင်း၊ ၀ါဖန့်ရင်း၊ ဗိုင်းငင်ရင်း၊ မန်ကျည်းသီးထုရင်း၊ တောင်ထန်း သက်ငယ် စလူ အင်ဖက် စသည်များအား အိမ်အမိုးအကာများအတွက် စုဝေးလုပ်ကိုင်ကြရင်းဖြင့် မိမိတို့ရပ်ရွာ၏ ဓလေ့ထုံးစံများအတိုင်း တစ်ကျောင်း တစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်း ဆိုသကဲ့သို့ စကားဝှက်များကို အပြိုင်အဆိုင် ၀ှက်ဆိုလေ့ ရှိကြသည်။
ကောက်ရိတ်သိမ်းပြီးချိန်နှင့် စပါးလှေ့ပြီးချိန်၊ တလင်းထဲတွင် စပါးများစုပုံ၍ စပါးလိပ်ပြာ ခေါ်ဆိုချိန် စသည်များ၌လည်း ရပ်ရွာ၏ ကာလသမီး ကာလသားများ စုဝေးလာလေ့ရှိကြချိန်ဖြစ်၍ ဤအချိန်မျိုးတွင်လည်း တစ်ရွာနှင့်တစ်ရွာပင် ချိန်းပွဲများပြုလုပ်၍ စကားဝှက်ပြိုင်ပွဲများ ကျင်းပကြသည်။
ကျေးရွာ၏ ပန်းတောင်ကိုင်အလှ သို့မဟုတ် စကားကြွယ်ဝ၍ ဧည့်ခံကောင်းသူကလေးများ၏ လယ်တလင်းသိမ်းပွဲများဆိုလျှင် စကားဝှက်ပြိုင်ပွဲများသည် ပိုမို၍ စည်ကားလေသည်။
နီးစပ်ရာ လယ်တဲများမှလည်း စုဝေးရောက်လာကြလျက် တပျော်တပါး စကားဝှက်ပြိုင်ပွဲမှ အရှုံးအနိုင်နှင့် ကိုယ်ရည်သွေးကြပုံကို နားထောင်ကြသည်။
တလင်းသိမ်းချိန်သည် ဆောင်တော်ကူးနှင့် ဂမုန်း အင်၊ သဇင်ပန်းတို့ မပြတ်တမ်းပွင့်သည့် ရာသီဖြစ်သည့်အပြင် သရဖီနှင့် မြတ်လေး မပြတ်မွှေးလှသည့် တောစံပယ်နှင့် ပန်းစွယ်တော်တို့ ပွင့်ကြသည်ဖြစ်၍ ကောင်းနိုးရာရာဟု မရွေးချယ်နိုင်ကြတော့။
တွေ့သမျှမရွေး ဖွေးဖွေးမြင်ရာ ဆွတ်ခူးခဲ့ကြသည်မှာ စကားဝှက်ဝိုင်း၌ လုလင်ပျိုရော လုံမပျိုပါ ပန်းများ တောင်လို ပုံနေတော့၏။
ဤပန်းပွင့်များသည် အပင်၌ နောက်တစ်နေ့ပွင့်ရန်ပင် ချန်မှ ထားခဲ့ကြပါမည်လောဟု တွေးတောလောက်အောင်ပင် အငုံရော အဖူးပါ ဆွတ်ခူး၍ လာကြတော့သည်။
တစ်နှစ်ပတ်လုံး ပင်ပန်းလာခဲ့သမျှ၊ တစ်နေ့တာလုံး နွယ်းနယ်လာခဲ့သမျှတို့သည် ဤသို့သော လရောင်တင့်လျှမ်းသည့် ညချမ်းလို ချိန်ခါမျိုးများတွင် သူတို့၏အဖို့ အမောပြေဆေးကလေးများကို ရတတ်ကြသည်။
စိတ်ထဲတွင် သူမသိ ငါပိုး ကျိတ်၍ ပိုးပန်းနေကြရရှာသူအတွက်ရော၊ ချစ်မိသည့်ဝန်ကို တစ်ခွန်း တစ်ပါဒမျှ မဟ၀ံ့ ကြောက်ရွံ့၍ နောက်တွန့်နေကြရသူအတွက်ရော ဤစကားဝှက်ဆိုကြခြင်းသည် ချစ်တင်းစရာ၊ ချစ်တင်းဆိုရာနှင့် ချစ်ကျီစယ်ကြရာကို ဖန်တီးပေးစေလေ၏။
" အမယ်လည်း စိတ်တူ၊ ပျို့သည်းအူ ရွှေနွယ်ရိုး စိုးပိုင်ခဲ့သူ" များအဖို့ ဤစကားဝှက်ခြင်းဓလေ့သည် စိတ်၏လှုပ်ရှားမှုများနှင့် သာယာမှုအရသာလေးများကို ရစေသည်။
ချစ်သူအချင်းချင်း မထေ့တထေ့ ငေါ့လုံးကလေးများနှင့် ကလူကျီစယ်မှုကလေးများသည် မိဘမောင်ဘွားများ၏ မျက်စိအောက်မှာပင် ဖြစ်လင့်ကစား ချစ်သောသူချင်း၏ နှလုံးသားများကို သာယာကြည်နူးစေသည်။
မည်သို့သော မှားယွင်းမှုကိုမျှ ဖန်တီးခွင့်မရသည်ဖြစ်၍ ရှေးလူတို့၏ ဤဓလေ့ထုံးစံသည် မမှားအပ်သော တရားများကို စောင့်ရှောက်ထိန်းသိမ်းကာကွယ်ပေးခြင်းဖြင့် လုလင် လုံမတို့၏ ကိုယ်ကျင့်တရားကိုပါ ပိုမိုကောင်းမွန်စေသည့် အလွန်အဖိုးထိုက်သော မြန်မာမှုတစ်ရပ်ဖြစ်ပေသည်။

( ယနေ့မန္တလေးစာအုပ်တိုက်မှ ထုတ်ဝေသည့် မြန်မာ့ရိုးရာ စကားထာများ စာအုပ်မှ ထုတ်နှုတ်ရေးသားပါသည်။ အလွန်ချစ်စဖွယ်ကောင်းသည့် အဖိုးထိုက်သော မြန်မာမှု၊ မြန်မာ့ဓလေ့၊ မြန်မာ့ယဉ်ကျေးမှုတစ်ရပ်ပင်ဖြစ်သော်လည်း ခေတ်ရေစီးကြောင်းတွင် ခပ်ကြမ်းကြမ်း မျောပါသွားခဲ့ပြီဖြစ်သည်။ ခေတ်၏ရေစီးကြောင်း ဟူသည်ကား တားဆီး၍ မရစကောင်း တားဆီးရန် မဖြစ်သင့်ကြောင်း မှန်သော်လည်း ရိုးရာဓလေ့ကို လုံးဝပျောက်ပျက်သွားစေခြင်းသည်လည်း မဖြစ်စကောင်းမို့ ကျွန်တော်တို့ ခေတ်လူငယ်များအနေဖြင့် ကိုယ်တိုင် မကျင့်သုံးလျှင်သော်မှ သိရှိထားနိုင်ကြစေရန် အလို့ငှာ ကြိုးစားလိုက်ပါသည်။)

Tuesday, August 28, 2012

လူမသိ သူမသိ


မီးတောက်မီးလျှံကြား ရုတ်တရက် မြောက်တက်သွားတယ်
သိလိုက်ရတာက လောကကြီးတစ်ခုလုံး မဲမှောင်သွားတာပဲ
ချက်ချင်းလိုလို ငါ မြင်ယောင်လိုက်တာ
မင်းရဲ့ နုနယ်တဲ့ မျက်နှာလေးပေါ့ ချစ်သူ
စွန့်လွှတ်ခြင်းရဲ့ အဓိပ္ပါယ်
ဘာလဲဆိုတာ ငါမသိပါဘူး
ဒါပေမယ့်
ငါ့နံဘေးမှာ ရှိနေတာ
ငါ့ညီအစ်ကိုတွေပဲ
သူတို့လဲ အိပ်ကပ်တွေထဲမှာ ငါ့လို
ဓာတ်ပုံလေးတွေ ကိုယ်စီနဲ့ပေါ့
ဓာတ်ပုံထဲက လူတွေ
သူတို့ကို စောင့်မျှော်နေကြမှာ သေချာတယ်
သူရဲကောင်းဖြစ်ချင်ခဲ့တာတော့ မဟုတ်ဘူး
သေခြင်းတရား
ငါလဲ ကြောက်တတ်တာပေါ့
ဒီအချိန်မှာတော့ တွေဝေမနေချင်တော့ဘူးကွယ်
အမိမြေကို ကာကွယ်ဖို့
ဖြူသလား မဲသလား
မှန်သလား မှားသလား
အတွေးတွေလဲ များမနေချင်တော့ဘူး
ငါ့နံဘေးမှာတော့ ဆူညံပူလှိုက်
ပတ်ဝန်းကျင်တစ်ခုလုံးကို မီးတိုက်နေသလားထင်မိတယ်
တကယ်တော့ ငါလဲ
သေနတ်သံတွေအစား
ဆည်းလည်းသံလေးတွေပဲ ကြားချင်ခဲ့သူပါကွယ်
ချစ်သူရေ
ငါဟာ
မင်းအတွက်ဆို အမြဲ ပေးဆပ်နေချင်ခဲ့သူပေါ့
ရှိသမျှအရာအားလုံး
အသက်ပါမကျန် စတေးဝံ့ပါတယ်
အဲဒီလိုပဲ
အမိမြေအတွက်လဲ ပေးဆပ်ရဲရမယ်လေ
ဒီအချိန်မှာ
အမိမြေအတွက်
ပေးဆပ်ခွင့်လေးကို
မျက်ရည်တွေကြားကပဲ
ခေါင်းလေးညိတ်ပေးပါ ချစ်သူရယ်

Sunday, August 26, 2012

ကရားရှည်တစ်လုံးနှင့် ပစ္စည်းများ


အတန်းမစခင်အချိန်မှာ ဒဿနိကဗေဒဆရာဟာ စာသင်ခန်းထဲက စားပွဲပေါ်ကို သူယူလာတဲ့ ပစ္စည်းတွေ တင်လိုက်ပါတယ်။
အတန်းစတဲ့အချိန်မှာတော့ ဆရာဟာ စကားတစ်ခွန်းမှ မပြောသေးဘဲ ကရားရှည်အလွတ်တစ်လုံးထဲကို နှစ်လက်မလောက်အချင်းရှိတဲ့ ကျောက်ခဲတွေ ထည့်လိုက်တယ်။
ကရားထဲမှာ ကျောက်ခဲတွေနဲ့ ပြည့်သွားပြီး ထပ်ထည့်လို့ မရတော့တဲ့အခါ ဆရာက ကျောင်းသားတွေကို ဒီထဲမှာ ပြည့်ပြီလားလို့ မေးလိုက်တယ်။
ကျောင်းသားတွေကလည်း ပြည့်ပါပြီဆရာလို့ ပြန်ဖြေကြတယ်။
ဒီတော့ ဆရာက ကျောက်စရစ်ခဲလေးတွေထည့်ထားတဲ့ စက္ကူပုံးလေးကို ကောက်ယူလိုက်ပြီး ကရားရှည်ထဲ လောင်းထည့်လိုက်တယ်။
ပြီးတော့ ကရားကို ဖြေးညင်းစွာ လှုပ်ခါလိုက်တယ်။
အဲဒီအခါ ကျောက်စရစ်ခဲလေးတွေဟာ ကျောက်ခဲတွေကြားက လွတ်နေတဲ့ နေရာတွေကို ကျဆင်းသွားကြတယ်။
ဆရာက ဒီကရားပြည့်နေပြီလားလို့ ထပ်မေးပြန်တယ်။
ကျောင်းသားတွေကလဲ ပြည့်နေပါပြီဆရာလို့ ထပ်ဖြေကြပြန်တယ်။
အဲဒီအခါ ဆရာက သဲတွေထည့်ထားတဲ့ စက္ကူအိတ်လေးကို ကောက်ယူပြီး ကရားထဲ လောင်းထည့်လိုက်ပြန်တယ်။
သဲတွေဟာ ကျောက်ခဲတွေ၊ ကျောက်စရစ်တွေကြားက နေရာအနှံ့အပြားကို လျှောလျှောရှူရှူပဲ စီးဆင်းသွားတယ်။
ဆရာက ပြည့်ပြီလားလို့ ထပ်မေးပြန်တယ်။
ကျောင်းသားတွေကလဲ ပြည့်ပါပြီဆရာလို့ တညီတညာတည်း ပြန်ဖြေကြတယ်။
အဲဒီအခါမှ ဆရာက ရှင်းပြတော့တယ်။
တပည့်တို့.. တကယ်တော့ ဟောဒီကရားရှည်ဟာ မင်းတို့ဘ၀တွေကို ကိုယ်စားပြုတယ်.. ကျောက်ခဲတွေကတော့ ဘ၀ရဲ့ အရေးကြီးဆုံးအရာတွေပဲ..ဥပမာ မင်းတို့ရဲ့ မိသားစုတွေ၊ မိတ်ဆွေတွေ၊ ချစ်သူတွေ၊ မင်းတို့ရဲ့ ကျန်းမာရေး၊ သားသမီးတွေရှိရင် သားသမီးပေါ့ကွာ... မင်းတို့မှာ ရှိသမျှအားလုံး ဆုံးရှုံးပျက်ဆီးနေစေဦး မင်းတို့ဆီမှာ ကျန်ရစ်နေဦးမယ့် ချန်ရစ်နေကြဦးမယ့် အရာတွေပေါ့ အဲဒီအရာတွေရှိနေသေးရင် မင်းတို့ဘ၀တွေ ပြည့်စုံနေဦးမှာပဲ။
ကျောက်စရစ်ခဲလေးတွေကတော့ မင်းတို့ဘ၀တွေထဲက အခြားအရာတွေပေါ့ ဥပမာ အလုပ်အကိုင်ဖြစ်ဖြစ်၊ အိမ်ဖြစ်ဖြစ်၊ ကားဖြစ်ဖြစ်ပေါ့။
သဲဆိုတာကတော့ အရေးမကြီးတဲ့ သေးသေးမွှားမွှားအရာလေးတွေပေါ့
တကယ်လို့ မင်းတို့က ကရားထဲကို သဲတွေသာ အရင်စထည့်မိမယ်ဆိုရင် ကျောက်ခဲအချို့နဲ့ ကျောက်စရစ်ခဲအချို့ကို ထည့်ဖို့ နေရာကျန်မယ်မဟုတ်ဘူး.. အဲဒီအခါ မင်းတို့ဟာ ဘ၀မှာ အနည်းနဲ့အများ ဆုံးရှုံးကြရလိမ့်မယ်။
တကယ်လို့ မင်းတို့ဟာ မင်းတို့အချိန်တွေနဲ့ စွမ်းအင်တွေကို ဒီသေးသေးမွှားမွှားအရာလေးတွေအပေါ်မှာသာ ကုန်ဆုံးနေစေမယ်ဆိုရင် မင်းဘ၀မှာ အရေးကြီးတဲ့အရာတွေအတွက် ပေးစရာနေရာရှိတော့မှာ မဟုတ်ဘူး
အဲဒါကြောင့် မင်းတို့ဘ၀တွေမှာ ပြည့်စုံပျော်ရွှင်စေနိုင်မယ့်အရာတွေကို အာရုံထားပေးပါ
မင်းတို့ရဲ့ မိဘတွေကို အလေးထားပါ
မင်းတို့ရဲ့ သားသမီးတွေ၊ ညီအစ်ကို မောင်နှမတွေနဲ့ ဆော့ကစားပါ
ချစ်သူခင်သူတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေဖို့ အချိန်ပေးပါ
ဘ၀မှာ အလုပ်လုပ်ဖို့၊ အိမ်သန့်ရှင်းရေးလုပ်ဖို့၊ ပွဲလမ်းသဘင်သွားဖို့၊ စီးပွားရေးတွက်ချက်ဖို့ အချိန်တွေ အမြဲတမ်း လုံလုံလောက်လောက် ရှိနေပါတယ်။
ဘ၀မှာ အရေးကြီးတဲ့ ကျောက်ခဲတွေကိုပဲ အရင်ဖြည့်ပါ အရေးကြီးဆုံးလို့ ယူဆတဲ့အရာတွေကို ခုပဲ သတ်မှတ်စာရင်းလုပ်လိုက်ပါ ကျန်တာကိုတော့ သဲတွေလို့ပဲ သဘောထားလိုက်ပါတော့… “


 The important things in life ကို ဘာသာပြန်ဆိုပါသည်။

Sunday, August 19, 2012

ဆူးများစွာနှင့် ပန်းနှင်းဆီ


တစ်ခါတုန်းက ပန်းစိုက်ဝါသနာပါတဲ့ လူကြီးလူကောင်းတစ်ယောက်ဟာ ပန်းတစ်မျိုးကို စိုက်ပျိုးပြီး မျှော်လင့်ကြီးစွာနဲ့ ရေလောင်းပေါင်းသင် မှန်မှန်လုပ်သတဲ့။
သူ စိုက်တာဟာ နှင်းဆီပန်းဖြစ်တယ်လို့ သူလုံးဝမသိဘူး။
ပန်းပင်လေးကနေ ပန်းကလေးတွေ ဖူးပွင့်ဝေဆာမလာခင်မှာ သူက ကြည့်မိတော့ မကြာခင်မှာ ပွင့်လန်းလာတော့မယ့် ပန်းအဖူးလေးကို တွေ့မိတယ်။
ဒါပေမယ့် တစ်ချိန်တည်းမှာပဲ သူ သတိထားမိလိုက်တာက ရိုးတံပေါ်က ဆူးတွေပဲ ဖြစ်သတဲ့။
အဲဒီအခါမှာ သူ တစ်ခုတွေးမိသွားတယ်။
ချွန်မြတဲ့ ဆူးတွေ ပတ်လည်ဝိုင်းနေတဲ့ ရုပ်ဆိုးတဲ့ သည်လိုအပင်က ဘယ်လိုများ လှပတဲ့ ပန်းတစ်ပွင့် ပွင့်လာနိုင်ပါ့မလဲ လို့ပေါ့။
အဲဒီလို တွေးမိပြီးတဲ့အချိန်က စပြီး သူဟာ နှင်းဆီပန်းပင်လေးကို ဂရုလဲမစိုက်၊ ရေလဲ မလောင်းတော့ဘဲ ပစ်ထားလိုက်တာ နှင်းဆီးပန်းလေးခမြာ ပွင့်တောင် မပွင့်ရသေးခင် နွမ်းခြောက်သေဆုံးသွားတော့တယ်။
ကျွန်တော်တို့လူသားတွေဟာလဲ အဲဒီလိုပါပဲ။
လူတိုင်းရဲ့ စိတ်ဝိညာဉ်ထဲမှာ အနည်းဆုံး နှင်းဆီပန်းတစ်ပွင့်စီ ရှိကြပါတယ်။
ကောင်းမွန်တဲ့ အရည်အသွေးတွေ၊ အမူအကျင့်တွေကို ကျွန်တော်တို့ရဲ့ စိတ်ဝိညာဉ်ထဲမှာ စိုက်ပျိုးတဲ့အခါ သူတို့ဟာ ချွတ်ယွင်းချက်အပြစ် ဆိုတဲ့ များစွာသော ဆူးချွန်တွေကြားထဲမှာ ကြီးပြင်းလာကြရတယ်။
ကျွန်တော်တို့အများစုဟာ မိမိကိုယ်ကို ဝေဖန်ဆန်းစစ်ကြတဲ့အခါ ချွတ်ယွင်းချက်၊ အပြစ်၊ အနာအဆာတွေကိုသာ မြင်မိကြပြီး ဖူးပွင့်လာမယ့် နှင်းဆီပန်းကလေးကိုတော့ သတိမထားမိတော့ဘူး။
အဲဒီအခါ စိတ်ပျက်အားလျော့ပြီး ငါတို့ဟာ ဘာကိုမှ ဖြစ်မြောက်ကောင်းမွန်အောင် မစွမ်းဆောင်နိုင်ကြပါလားလို့ တွေးမိသွားကြတဲ့နောက် စိတ်ဝိညာဉ်အတွင်းက နှင်းဆီပန်းကလေးကို ဆက်ပြီး ရေလောင်းပျိုးထောင်ဖို့ မေ့သွားကြတယ်။
ဒီလိုနဲ့ နှင်းဆီပန်းကလေးများစွာ သေဆုံးသွားကြပြီး ကျွန်တော်တို့ဟာလည်း ကိုယ်ပိုင်အရည်အချင်း အစွမ်းအစတွေကို ဘယ်သောအခါမှ မမြင်တွေ့ကြရတော့ဘူး။
လူတွေဟာ သူတို့ပိုင်ဆိုင်တဲ့ နှင်းဆီပန်းကလေးတွေကို မသိကြ၊ မမြင်ကြဘူးဆိုရင် တစ်ယောက်ယောက်က သူတို့ကို ပြောပြကူညီသင့်တယ်။
လူတစ်ယောက်ရဲ့ အကြီးမားဆုံးသော မေတ္တာလက်ဆောင်တစ်ခုကတော့ အခြားသူတွေရဲ့ ချွန်ထွက်နေတဲ့ ဆူးများကို ကျော်လွန်ပြီး ပွင့်ဖူးတော့မယ့် နှင်းဆီပန်းကလေးတွေကို မြင်အောင် ကြည့်ပေးဖို့ပါပဲ။
ဒါဟာ ချစ်ခြင်းမေတ္တာရဲ့ ၀ိသေသတစ်ခုပါ။
ကျွန်တော်တို့ဟာ ကျွန်တော်တို့ဘ၀ထဲက ကျွန်တော်တို့ချစ်ခင်သူတွေကို ကြည့်တဲ့အခါမှာ သူတို့ရဲ့ အပြစ်အနာအဆာတွေအပြင် သူတို့စိတ်ဝိညာဉ်ထဲက ထူးမြတ်တဲ့ အရည်အသွေးတွေကိုလည်း ရှာဖွေကြည့်ရှုကြဖို့ သင့်တယ်။
သူတို့ရဲ့ အမှားတွေကနေ သူတို့လွန်မြောက်ဖို့ စွမ်းဆောင်နိုင်ကြကြောင်း အခြားသူတွေကို ကူညီပေးလိုက်ပါ။
လှပတဲ့ နှင်းဆီပန်းကလေးများစွာ ပွင့်လန်းလာနိုင်ကြအောင်ပေါ့။

The rose within ကို ဘာသာပြန်ဆိုပါသည်။

Saturday, August 18, 2012

second production - မြန်မာကနုတ်ပန်း - pdf

၁၃.၈.၂၀၁၂က ကျွန်တော်နှုတ်ဆက်ပေးခဲ့တဲ့ စာအုပ်လေးကို ကျွန်တော် အွန်လိုင်းမှာ ဖြန့်ဝေလိုက်ပါပြီခင်ဗျာ။
ခွင့်ပြုချက်တောင်းထားတာ တစ်ပတ်ပြည့်ပြီဖြစ်ပေမယ့် ဒီ http://www.myanmarsar.org/ လင့်လေးက အကြောင်းမပြန်ဘူးခင်ဗျ။
ကြည့်ရတာ အဲဒီဆိုက်လေးက ဆက် အလုပ်မလုပ်တော့ဘူးထင်တယ်။
တစ်ပတ်တိတိစောင့်ပြီးတဲ့နောက် မနေနိုင်တော့လို့ အွန်လိုင်းပေါ်တင်လိုက်ပါပြီခင်ဗျာ... :P
ဒါလေးကတော့ မျက်နှာဖုံးဓာတ်ပုံလေးပါ။
 ဒါလေးက mediafire မှာ တင်ထားတဲ့ လင့်ကလေးပေါ့။
မြန်မာကနုတ်ပန်း
စာအုပ်က သေးပေမယ့် ပုံတွေများတာမို့ ကွာလတီကို ငဲ့ပြီး တအားမချုံ့ ဘဲ ထားလိုက်ပါတယ်။
ဖိုင်ဆိုဒ်က 5.92MB ပါ။
နောက်လဲ စာအုပ်လေးတွေလုပ်ပြီး တင်ဆက်သွားနိုင်အောင် ကြိုးစားသွားပါဦးမယ်ခင်ဗျာ...။

Thursday, August 16, 2012

ကောင်းကင်မဲ့သူများ

ကောင်းကင်မဲ့သူများ
တေးရေး - ညီမင်း ။
တေးဆို - ချစ်သူ ။
သရုပ်ဆောင် - အေးမင်းနိုင် ၊ လဲဘွယ်ဆဲလ် ၊ ထက်ဝေကျော်
HREIB ရဲ့ ၁၀ နှစ်မြောက် အမှတ်တရ MTV မှ ဖြစ်ပါတယ် ။
သီချင်းလေးက တော်တော်ကောင်းတယ်။ သရုပ်ဆောင်တွေကလဲ အပျော်တမ်းတွေ ဖြစ်မှာသေချာပေမယ့် ဇာတ်ကွက်ကလေးကောင်းတာကြောင့် တော်တော်ကို အသက်ပါတဲ့ MTVလေး ဖြစ်သွားပါတယ်။
တေးဆိုက ချစ်သူလို့ နာမည်တပ်ထားပေမယ့် ချမ်းချမ်းအသံနဲ့ တော်တော်ဆင်တူပါတယ်။
ထားပါတော့...
ကျွန်တော်စိတ်ဝင်စားတာက သီချင်းရယ်.. စာသားရယ်.. ဇာတ်ကွက်လေးရယ်ပါ...။
နားထောင်ရင်း၊ ကြည့်ရင်းနဲ့ မျက်ရည်များတောင် ၀ဲမိပါတယ်...။
 

Monday, August 13, 2012

လုံးဝသတိမရဘူး

မနေ့က
အဲဒီပန်းခြံလေးကို
တစ်ယောက်တည်း
ငါ ရောက်သွားတယ်...

ဟောဒီသစ်ရွက်တွေ ကြွေနေတဲ့ လမ်းကလေးပေါ့
တို့နှစ်ယောက် လက်တွဲပြီး လျှောက်ခဲ့ကြဖူးတယ်နော်...

ဟောဟိုပန်းခင်းထဲက ပန်းကလေးတွေ
ဒီရောက်တိုင်း
မင်းကို ငါ တစ်ပွင့်တစ်ပွင့် ခိုးခူးပေးဖူးတယ်နော်...

ဒီရေကန်ကြီးလေ
မင်းနဲ့ငါ ဘယ်သူ အဝေးပိုရောက်သလဲ
ခဲလုံးတွေ ပစ်ပြီး ပြိုင်ခဲ့ကြတာဖူးပေါ့...

ဟောဟိုက မြက်ခင်းစိမ်းကလေး
တို့နှစ်ယောက် အတူထိုင်ရင်း
မင်းသိပ်ကြိုက်တဲ့ ဇီးထုပ်ကို တူတူစားခဲ့ကြတယ်လေ...

ဟောဒီထိုင်ခုံကလေးပေါ့
ထီးတစ်ချောင်းကို အကာအကွယ်ပြုပြီး
တို့တွေ ကြည်နူးခဲ့ကြဖူးတယ်...

ဟောဟိုက သစ်ပင်ကြီးလေ
အသည်းနှလုံးပုံလေးနှစ်ခု နက်နက်ထွင်းပြီး
တို့နှစ်ယောက်ရဲ့အချစ်ကို
သက်သေပြုခဲ့ကြတယ်နော်...

ရှိသေးလားမသိ..

အော်... ဟုတ်သားပဲ
အဲဒီအပင်ကြီးအောက်မှာပဲ
မင်း နောက်တစ်ယောက်နဲ့ ပျော်နေတာ
ငါ မျက်ဝါးထင်ထင် တွေ့ခဲ့တာလေ...

ဟား...ဟား...
ငါလဲ မာနနဲ့လူပါ...
မင်းကို ငါ ဘယ်တုန်းကမှ 
လွမ်းမနေခဲ့ပါဘူး...
သတိရမနေခဲ့ပါဘူး...
သတိရမနေခဲ့ဘူး...

အေး...
ဒီနေ့လည်း
မင်းကို သတိမရတဲ့အကြောင်း
ငါ ဒီကဗျာလေးကို ရေးတယ်...

မြန်မာကနုတ်ပန်းစာအုပ်-မိတ်ဆက်

ကျွန်တော်ဟိုဒီလျှောက်သွားရင်း ဒီhttp://www.myanmarsar.org/ကို ရောက်ခဲ့တယ်ဗျ။
စိတ်ဝင်စားဖို့ကောင်းတဲ့နေရာလေးပါ။
အဲဒီမှာ မြန်မာကနုတ်ပန်းဆိုတဲ့ စာမျက်နှာတစ်ခု သွားတွေ့လို့ စိတ်ဝင်စားသွားတယ်။
တန်ဖိုးရှိတဲ့ မြန်မာကနုတ်ပန်းပုံတွေ အများကြီးရှိတယ်ဗျ။ စာအုပ်လုပ်ပြီးသွားပြီလားရှာတော့ မလုပ်ရသေးဘူး။
အဲဒါနဲ့ ကျွန်တော်လဲ ခွင့်တောင်းပြီး စာအုပ်တစ်အုပ်လုပ်လိုက်တယ်။ ဖြန့်ဝေခွင့်လဲ တောင်းခဲ့တယ်။
အဲဒီဆိုက်က ဆက်ပြီး မလည်ပတ်တော့လို့လားတော့ မသိဘူး။
ဘာမှ အကြောင်းမပြန်ဘူးခင်ဗျ။
စာအုပ်က လုပ်ပြီးပါပြီ၊ အင်တာနက်ပေါ်တင်ပေးချင်ပေမယ့် လေးစားသောအားဖြင့် သူတို့အကြောင်းပြန်မှုကို ကျွန်တော်စောင့်နေပါတယ်။
ခုနစ်ရက်ပြည့်သွားရင်တော့ ကျွန်တော်ဆက်မစောင့်တော့ဘူး။ မျှဝေသွားမှာပါ။
သူတို့လဲ အင်တာနက်ပေါ်တင်ပြီဆိုကတည်းက အားလုံးသိစေချင်လို့၊ မျှဝေစေချင်လို့ပဲ ဖြစ်ကြမှာပါ။
ဒီဇိုင်နာဖြစ်လိုသူတွေအတွက် မြန်မာကနုတ်၊ မြန်မာဒီဇိုင်းဆိုတာတော့ သိသင့်တယ်လို့ ထင်ပါတယ်။
အခုတော့ စာမြည်းလေး တင်လိုက်ပါတယ်နော်။









Friday, August 10, 2012

လူသူတိရစ္ဆာန်

( အထက်တန်းကျောင်းတုန်းက ကျွန်တော့်သူငယ်ချင်း ကဗျာဆရာဖြစ်ချင်သူတစ်ဦးရဲ့ ကဗျာပါ... သူငယ်ချင်း ဖြစ်ချင်တာ ဖြစ်နိုင်ပါစေ။)

Thursday, August 9, 2012

ကြိုးကြာငှက်၊ မြွေ နှင့် မြွေပါ-ပုံပြင်

တခါတုန်းက တောကြီးတခုထဲတွင် ညောင်ပင်ကြီးတပင် ရှိသည်။ ထိုအပင်ထိပ်တွင် ကြိုးကြာငှက်များသည် သူတို့နေထိုင်ရန် အသိုက်များကို ဆောက်လုပ်ထားကြသည်။ အပင်၏ခြေရင်းရှိ တွင်းတတွင်းတွင် မြွေမည်းတကောင် နေထိုင်သည်။ ထိုမြွေမည်းသည် နှစ်တိုင်းနှစ်တိုင်း ဥမှ ပေါက်ဖွားလာသော အရွယ်မရောက်သေးသည့် ကြိုးကြာငှက်ပေါက်လေးများကို စားပစ်လေ့ရှိသည်။ ထို့ကြောင့်ကြိုးကြာငှက်များသည် အလွန်ပင် စိတ်ဆင်းရဲဖြစ်ကြရသည်။ သူတို့ ဘာလုပ်ရမှန်း မသိကြပေ။

တနေ့တွင် သားငယ်သမီးငယ်များ ဆုံးရှုံးသည့် ကြိုးကြာငှက်မကြီးသည် အနီးအပါးရှိ ကန်ရေပြင်နံဘေးတွင် ရပ်နေပြီး ၀မ်းနည်းကြေကွဲစွာ ငိုကြွေးနေရှာသည်။ ထိုအခါ ရေကန်ထဲတွင် နေသည့် ဂဏန်းက ကြိုးကြာငှက်ကြီးကို မြင်ပြီး အော်မေးလိုက်သည်။
အရှင်ကြိုးကြာ၊ ဒီနေ့ဘာလို့ ဒီလောက် ၀မ်းနည်းငိုကြွေးပြီး မပျော်မရွှင် ဖြစ်နေရာတာလဲ။
ထိုအခါ ကြိုးကြာငှက်မကြီးက မိတ်ဆွေ၊ ငါ ဘာလုပ်ရမလဲ၊ သစ်ပင်ခြေရင်းက တွင်းမှာနေတဲ့ မြွေဟာ ငါ့ကလေးတွေကို စားပစ်လိုက်တယ်။ ဒါကြောင့် ငါ-ဒီမှာ ပူဆွေးငိုကြွေးနေတာပါ။ ငါ့ကို ကူညီပါ မိတ်ဆွေ-ဟု ပြန်ပြောလိုက်သည်။
ဟုတ်ကဲ့၊ ကျွန်တော် ကူညီနိုင်မယ်ထင်ပါတယ်-ဟု ဂဏန်းက ပြန်ပြောလိုက်သည်။ ဆက်ပြီး သူက ပြောပြန်သည်။ ကျွန်တော်တို့ ဒီကောက်ကျစ်တဲ့ မြွေကို ဖမ်းပြီး သတ်ပစ်ရမယ်။
ဒါပေမယ့် ငါတို့ ဒီမြွေကို ဘယ်လိုဖမ်းမလဲ။ သူက အင်မတန်စဉ်းလဲတယ်။ သူ့ကိုဖမ်းဖို့ ခက်လိမ့်မယ်။ သူ အမြဲလွတ်သွားမှာပဲ။ သူ့ရဲ့တွင်းထဲမှာ သူပုန်းနေတယ်-ဟု ငှက်မကြီးက ပြောလျှင်
ကောင်းပြီလေ၊ သူ့ကို ကိုယ်တိုင်မသတ်နိုင်ရင် သတ်နိုင်တဲ့ တခြားတယောက်ကို ရှာရမယ်။

ဟုတ်တယ်၊ ဟုတ်တယ်၊ ဒါပေမယ့် ငါတို့ဘယ်လိုလုပ်မလဲ။
နားထောင်ပါ၊ ကျွန်တော်ပြောပြမယ်-ဆိုကာ ဂဏန်းက ပြောပြသည်။
ဒီနေရာနဲ့ သိပ်မဝေးတဲ့နေရာမှာ မြွေပါ တကောင်နေတယ်။ သူ့တွင်းက ဟိုမှာ။ အဲဒီသစ်ပင်ကြီးနဲ့ နီးတယ်။ မြွေပါဆိုတာ မြွေအားလုံးရဲ့ ရန်သူပဲ။ သူဟာ မြွေကိုမြင်တိုင်း သတ်ဖို့ အမြဲကြိုးစားတာပဲ။ ကျွန်တော်တို့ မြွေပါက ရန်သူမြွေကို သတ်အောင်လုပ်ရမယ်။

ဟုတ်တယ်၊ ဟုတ်တယ်။ အဲဒါကောင်းတယ်။ ဒါပေမယ့် ငါတို့ ဘယ်လိုလုပ်ရမလဲ။
ဒါက အရမ်းလွယ်ပါတယ်။ မြွေပါဆိုတာ ခင်ဗျားသိတဲ့အတိုင်းပဲ ငါးကြိုက်တယ်လေ။ ဒါပေမယ့် သူက ငါးဖမ်းဖို့ ရေထဲကိုမဆင်းနိုင်ဘူး။ ခင်ဗျားက သူ့အတွက် ငါးဖမ်းပေးနိုင်တယ်။ ငါး-လေးငါးကောင်ဖမ်းပြီး မြွေပါရဲ့တွင်းဝနားမှာ တကောင်ချပါ။ ပြီးရင် နည်းနည်းဝေးဝေးမှာ နောက်တကောင် ချပါ။ ပြီးတော့ မြွေတွင်း မလှမ်းမကမ်းမှာ တကောင်ချ။ ဒီလို ချချသွားရင်းနဲ့ နောက်ဆုံးတကောင်ကိုတော့ မြွေတွင်းနဲ့ တော်တော်နီးတဲ့ နေရာမှာချ။ မြွေပါက ပထမတကောင်ကို တွေ့လိမ့်မယ်။ သူပြေးပြီး စားလိမ့်မယ်။ ပြီးတော့ နောက်တကောင်။ ပြီးတော့ နောက်တကောင်။ အဲလိုမျိုး တကောင်စီစားပြီး နောက်ဆုံး မြွေတွင်းနားမှာရှိတဲ့ ငါးဆီကို သူလာလိမ့်မယ်။ ပြီးရင် သူမြွေကို အနံ့ခံလိမ့်မယ်။ မြွေနံ့ရရင် သတ်ချင်လာလိမ့်မယ်။ နောက်တော့ ရန်ပွဲကြီးတခုဖြစ်လာပြီး မြွေကို သတ်လိုက်လိမ့်မယ်။ ဒီလိုဆိုရင် ခင်ဗျားရဲ့ရန်သူ ဇာတ်သိမ်းပြီပေါ့။

ဟာ-ဒါဟာ အရမ်းကောင်းတဲ့ အကြံပဲ။ မင်း ပြောသလို ငါလုပ်မယ်-ဟု ကြိုးကြာငှက်က ၀မ်းသာအားရပြောသည်။
သို့နှင့် ကြိုးကြာငှက်သည် ငါး-လေးငါးကောင် ဖမ်းသည်။ ထို့နောက် အထက်ကနည်းအတိုင်း ငါးများကို ချသည်။ ထိုနေ့နံနက်တွင် မြွေပါတွင်းထဲက ထွက်လာသောအခါ ပထမငါးတကောင်ကို တွေ့သည်။ မြွေပါသည် ငါးကို အငမ်းမရ စားလိုက်သည်။

ဒီနေ့ တယ်ကံကောင်းပါလား-ဟုတွေး၍ ၀မ်းသာအားရနှင့် ကခုန်ပျော်မြူးနေသည်။ ထို့နောက် ငါးတကောင်ကို ခပ်လှမ်းလှမ်းတွင် တွေ့မြင်ပြန်သည်။ စားလိုက်ပြန်သည်။ ထို့နောက် တကောင်၊ ထို့နောက် နောက်တကောင်။ တကောင်ပြီး တကောင် စားလာရာ နောက်ဆုံးတွင် မြွေတွင်းဝဆီ ရောက်လာခဲ့သည်။ သူ မြွေနံ့ရလိုက်သည်။ ချက်ချင်းပင် မြွေပါသည် တွင်းထဲသို့ဝင်သွားသည်။ အထဲသို့ရောက်လျှင် ရန်ပွဲအကြီးအကျယ်ဖြစ်သည်။ မကြာမီတွင် ရန်ပွဲပြီးဆုံးသွားသည်။ မြွေပါက မြွေသေကောင်ကို ဆွဲထွက်လာသည်။

ကြိုးကြာငှက်များမှာ အလွန်ပင်ပျော်ရွှင်နေကြသည်။ သူတို့ကို အမြဲတစေ ဒုက္ခပေးနေသော ယုတ်မာသည့်ရန်သူ သေသွားသောကြောင့် ဖြစ်သည်။ သို့သော် ပုံပြင်လေးက ဤတွင် မပြီးဆုံးသေးပါ။ ထိုနေ့က စားစရာတွေကို သက်သက်သာသာနှင့်ရသည့် မြွေပါသည် တနေ့တွင် သစ်ပင်၏ ခြေရင်းသို့ ရောက်လာပြန်သည်။ ထိုအခါ ကြိုးကြာငှက်သံများကို သူကြားလိုက်သည်။ မြွေပါ ၀မ်းသာသွားသည်။ သူ့အတွက် စားစရာရှိသောနေရာကို သူတွေ့ရှိသွား၍ ဖြစ်သည်။
မြွေပါသည် သစ်ပင်ပေါ်တက်ပြီး ကြိုးကြာငှက်ငယ်လေးများကို တကောင်ပြီးတကောင် စားလေသည်။ နောက်ဆုံးတွင် မြွေမစားနိုင်၍ ကျန်ခဲ့သည့် ကြိုးကြာငှက်အားလုံးပင် သေဆုံးသွားကြရှာသည်။ ကြိုးကြာများလည်း ထိုနေရာမှ ပြောင်းပြေးကုန်ကြသည်။ ဒုတိယရန်သူသည် ပထမရန်သူထက် ပိုဆိုးနေသည်မဟုတ်ပါလော။ ထိုနည်းဖြင့် ဂဏန်းသည် သူ့ရန်သူ ကြိုးကြာငှက်များကို အဝေးသို့နှင်ထုတ်ပစ်နိုင်ခဲ့ပေသည်။
( အိန္ဒိယရိုးရာပုံပြင်)
ဥပဒေသ
သင် အကူအညီတောင်းသည့်သူကို သတိထားပါ။

ဒေါက်တာခင်မောင်ညို
(မင်္ဂလာမောင်မယ် ၂၀၀၉-ခု မေလ)
ဘာသာပြန်မူရင်းလင့်ခ် - ပညာပါရမီပညာရေးကူညီမှုအသင်း

Monday, August 6, 2012

မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် - ရှေးဟောင်းငွေထည်လက်ရာပြသာဒ်ဗိမာန်ပုံစံငယ် (နိုင်ငံခြားရောက်နေတဲ့ မြန်မာတို့ရဲ့ အမွေ)



မြန်မာ့ယဉ်ကျေးမှုအမွေအနှစ် - ရှေးဟောင်းငွေထည်လက်ရာပြသာဒ်ဗိမာန်ပုံစံငယ်
ခုနှစ်-၁၉၁၄ခုနှစ်မတိုင်မီ
အမြင့်-၈၄စင်တီမီတာ၊ အခြေ၏အချင်း-၅၁စင်တီမီတာ
ငွေထည်နဲ့ အနုလက်ရာမြောက်စွာ ထွင်းထုပုံဖော်ထားတဲ့ ထုထည်ခပ်ကြီးကြီးပြသာဒ်ဗိမာန်ပုံစံငယ်တစ်ခုဖြစ်ပြီး မန္တလေးနန်းတွင်းက ပြသာဒ်ဗိမာန်တစ်ခုခုကို ပုံစံယူပြီး လုပ်ထားတာဖြစ်နိုင်ပါတယ်။
အမြင့်ဟာ ၈၄စင်တင်မီတာ (သို့မဟုတ်) ၃၃လက်မရှိပြီး ဒီပစ္စည်းဟာ ယနေ့အချိန်မှာ ကျွန်တော်တို့ ရှားရှားပါးပါး တွေ့မြင်နိုင်နေသေးတဲ့ ကိုလိုနီခေတ်မှ ထုထည်ကြီးကြီးမားမား  မြန်မာ့လက်ရာငွေထည်ပစ္စည်းတစ်ခု ဖြစ်ပါတယ်။
ဒီငွေထည်လက်ရာဟာ ဘုံဘေးဘားမားကုမ္ပဏီက ကုမ္ပဏီမှ အနားယူသွားတဲ့ စီနီယာမန်နေဂျာတစ်ယောက်ကို ၁၉၁၄ခုနှစ်မှာ လက်ဆောင်အဖြစ်ပေးအပ်ခဲ့တာပါ။
ဒီငွေထည်ပစ္စည်းမှာ အခုလို စာတန်း ထွင်းထားတာ တွေ့နိုင်ပါတယ်။
'Presented to Berkeley John Bync Stephens Esquire by the Employees of the Bombay
Burmah Trading Corporation Limited, Rangoon on his Retirement December 1914.'
 
ဒီငွေထည်ပစ္စည်းဟာ တင့်တယ်ပြေပြစ်လှတဲ့ အောက်ခံခြေထောက်ရှစ်ခုပါ အဋ္ဌဂံပုံ အောက်ခြေပေါ်မှာ ရပ်ခံတည်ရှိပါတယ်။
အဋ္ဌဂံအောက်ခံရဲ့ စာရေးထားတဲ့ ဘက်တစ်ဘက်မှာသာ မှန်ကူကွက်ပုံစံ ပုံဖော်ထားပြီး ကျန်တဲ့ ဘက်ခုနစ်ဘက်မှာတော့ ဗြိတိသျှလက်အောက်ခံ မြန်မာကိုလိုနီမှာ ဘုံဘေးဘားမားကုမ္ပဏီရဲ့ သစ်ထုတ်လုပ်ရေးလုပ်ငန်း လုပ်ဆောင်နေပုံများကို ပုံဖော်ထွင်းထုထားတာ တွေ့နိုင်ပါတယ်။

ဆင်တွေကို အသုံးချပြီး သစ်ထုတ်လုပ်ရေးလုပ်ငန်း လုပ်ဆောင်နေပုံ၊ ရန်ကုန်ရုံးချုပ်မှာ သစ်အရောင်းအ၀ယ်လုပ်ငန်း လုပ်ကိုင်နေပုံ စတာတွေကို တွေ့နိုင်ပါတယ်။




အဋ္ဌဂံအောက်ခံရဲ့ အပေါ်ကို တက်ပြီး ကြည့်လိုက်ရင်တော့ ကျောက်ထူတဲ့ မြေသားပုံစံပေါ်မှာ ထိုးထွက်နေတဲ့ ကင်းစခန်း (သို့မဟုတ်) ကင်းစောင့်မျှော်စင်ကဲ့သို့သော လေထဲမှာ တလူလူလွင့်နေတဲ့ အလံငယ်၊ အလံတိုင်လေးများနဲ့တကွ စုလစ်မွမ်းချွန်ပါ ပြသာဒ်ငယ် လေးခုကို အရပ်မျက်နှာတစ်ခုစီ (အရပ်လေးမျက်နှာ)မှာ စီရီထွင်းထုထားတာ တွေ့နိုင်ပါတယ်။
 
ပြသာဒ်ငယ်နှစ်ခုစီကြားမှာ လေးမျက်နှာပြသာဒ်ဗိမာန်ပထမအဆင့်ကို တက်သွားတဲ့ နဂါးလက်ရန်းများ ကိုယ်စီနဲ့ လှေကားစောင်းတန်း တစ်ခုစီတွေ့ရမှာဖြစ်ပြီး လှေကားစောင်းတန်းလေးခုရှိပါတယ်။
ပြသာဒ်ဗိမာန်ရဲ့ အောက်ခြေမှာတော့ မြန်မာမှု၊ မြန်မာဟန် ပန်းခက်ပန်းနွယ် ကနုတ်လက်ရာတွေကို လက်ရာမြောက်စွာ တွေ့ရမှာ ဖြစ်ပါတယ်။
ပြသာဒ်ဗိမာန်ရဲ့ ပထမဆင့်မှာ အသေးစိတ်ခြယ်မှုန်းထုဆစ်ထားတဲ့ လက်ရန်းအကာအရံတွေနဲ့ တိုင်တွေကို တွေ့ရမှာပါ။
လေးမျက်နှာရှိတဲ့ ပြသာဒ်ဗိမာန်ရဲ့ အောက်ခြေအဆင့် လက်ရန်းကာအတွင်း ထောင့်တစ်ထောင့်စီမှာတော့ စာအုပ်တစ်အုပ်၊ ကညစ်တစ်ချောင်းစီ ကိုင်ထားတဲ့ နတ်ဝတ်နတ်စား အပြည့်အစုံနဲ့ နတ်မင်းကြီးတစ်ပါးစီ (အားလုံးပေါင်း နတ်မင်းကြီးလေးပါး) တွေ့နိုင်ပါတယ်။
လောကရဲ့ အရပ်လေးမျက်နှာကို စောင့်ရှောက်တဲ့ စတုလောကပါလနတ်မင်းကြီးလေးပါးကို ကိုယ်စားပြုပါတယ်။
နတ်မင်းကြီးလေးပါးဟာ လောကကြီးမှာ နေထိုင်ကြတဲ့ သတ္တ၀ါများရဲ့ ကုသိုလ်မှု၊ အကုသိုလ်မှုတွေကို မှတ်တမ်းတင်နေကြဟန် ထွင်းထုထားတာ ဖြစ်ပါတယ်။
ပြသာဒ်ဗိမာန်ဟာ ဘက်လေးဘက်ရှိတဲ့ ပြသာဒ်ဗိမာန်မို့ တစ်ဘက်စီမှာ တံခါးတိုင်တစ်တိုင်စီပါတဲ့ တံခါးနှစ်ချပ်ကို ဖွင့်ထားပြီး တံခါးချပ်ရှစ်ချပ်၊ ဖွင့်ထားတဲ့တံခါးပေါက်လေးပေါက် ရှိပါတယ်။
ဖွင့်ထားတဲ့ အဲဒီ မျက်နှာစာ မြင်းမိုရ်ပိတ်တွေကနေ ပြသာဒ်ဗိမာန်ရဲ့ အထဲကို လှမ်းမြင်နိုင်ပါတယ်။
ပြသာဒ်ဗိမာန်ရဲ့ ဒုတိယအဆင့် (အထက်အဆင့်) မှာလဲ ဖွင့်ထားတဲ့ တံခါးနဲ့ မျက်နှာစာမြင်းမိုရ်ပိတ်များကို တွေ့ရမှာဖြစ်ပြီး ဒုတိယဆင့်ဟာ ပြသာဒ်ဗိမာန်တစ်ခုလုံးရဲ့ အမိုးထုပိကာကို ပင့်တင်ထမ်းမ ထားပါတယ်။
ပြသာဒ်ဗိမာန်တစ်ခုလုံးရဲ့ အပေါ်မှာတော့ ကောင်းကင်ပေါ် ကြွားကြွားဝင့်ဝင့် စွင့်တက်နေတဲ့ လက်ရာမြောက်လှတဲ့ အဆင့်ငါးဆင့် ထုပိကာရှိပါတယ်။
အဆင့်တိုင်းမှာ ပန်းခက်ပန်းနွယ်ကနုတ်တွေ၊ လက်ရာမြောက် စုလစ်မွမ်းချွန်တွေနဲ့ ပြည့်လို့ နေပါတယ်။
ထုပိကာရဲ့အပေါ်ဆုံးမှာတော့ လေထဲမှာ တလူလူ လွင့်နေဟန် ငွေအလံငယ်ကို တွေ့ရမှာပါ။


 
မြန်မာနိုင်ငံမှာ အခုလိုမျိုး အသေးစိတ် အနုလက်ရာမြောက်လှတဲ့ ယဉ်ကျေးမှု အမွေအနှစ်ပစ္စည်းတွေကို ငွေပန်းတိမ်လက်မှုလုပ်ငန်းတွေက ထုတ်လုပ်ပါတယ်။
ဒီ ငွေထည်လက်ရာလေးဟာ အရမ်းကို ပြီးပြည့်စုံတဲ့ အနေအထားမှာပါ။ ပျက်ဆီးခြင်း၊ ထိခိုက်မိခြင်း၊ ပြင်ဆင်ခြင်း အလျှင်းမရှိတဲ့ ရှေးဟောင်းလက်ရာလေးပါ။

(အခု ဒီလက်ရာမြောက်လှတဲ့ မြန်မာ့ရှေးဟောင်း အနုလက်ရာ ငွေထည်ပစ္စည်းဟာ 1 New Burlington Street
London,  W1S 2JD, United Kingdom (between Savile Row & Regent Street, central London)မှာ အခြေစိုက်တဲ့ Michael Backman Ltd ရဲ့ လက်ဝယ်မှာ ရှိပါတယ်။ အဲဒီကုမ္ပဏီဟာ အစ္စလာမ်၊ အိန္ဒိယ၊ တရုတ်၊ အရှေ့တောင်အာရှနိုင်ငံများ အစရှိတဲ့ နိုင်ငံတွေက ရှေးဟောင်းအနုပညာလက်ရာတွေကို အရောင်းအ၀ယ်လုပ်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ အခု ဒီပစ္စည်းကိုလဲ ရောင်းချဖို့ ပြသထားတဲ့ ၎င်းကုမ္ပဏီရဲ့ ကြော်ငြာစာမျက်နှာ တစ်ခုကနေ သင့်လျော်သလို ဘာသာပြန်ထားတာပါ။ ဟောဒီ မူရင်းpageဖြစ်တဲ့ http://www.michaelbackmanltd.com/1691.html မှာ သွားရောက် လေ့လာဖတ်ရှုနိုင်ပါတယ်။ မြန်မာနိုင်ငံမှ မြန်မာသူဌေးကြီးတစ်ဦးဦးကများ ၀ယ်ယူပြီး မြန်မာ့ရှေးဟောင်းအနုပညာလက်ရာကို မိခင်မြန်မာနိုင်ငံဆီ ပြန်သယ်လာနိုင်ခဲ့မယ်ဆိုရင်တော့ အတိုင်းထက်အလွန် ၀မ်းမြောက်ဝမ်းသာ ဖြစ်မိမှာပါပဲ။ ဘာသာပြန်အမှားများ၊ စာလုံးပေါင်းနဲ့ အသုံးအနှုန်းအမှားများပါလာပါက ခွင့်လွှတ်ပေးပြီး အမှားများကို ထောက်ပြစေလိုပါတယ်။ အခုလိုလေး ဘာသာပြန်တင်ပြနိုင်ဖို့ လုပ်ဖြစ်အောင် လမ်းညွှန်တစ်ခုသဖွယ် ဖြစ်ခဲ့တဲ့ ကျွန်တော့်ကို သိမှာမဟုတ်တဲ့ mandalay gazette မှ ကိုknowledge seeker(ရဲ့ ပို့စ်) ကိုလည်း အထူးပဲ ကျေးဇူးတင်ပါတယ်။)