Sunday, July 29, 2012
ကျွန်တော့်ရဲ့ ပထမဆုံး production - အချစ်ဟု ယုံကြည်ခဲ့သည် (၀တ္ထု) (pdf version)
ကျွန်တော် ပထမဆုံး ကြိုးစားရေးထားတဲ့ TRUST အမည်ရ ဇာတ်ကားတစ်ကားကို ဘာသာပြန်ထားတဲ့ ၀တ္ထု(စ/ဆုံး) လေး ဖြစ်ပါတယ်။
ဝတ္ထုက ကောင်းလို့လားဆိုတော့ ဖတ်ဖူးသူတွေက အားမနာတမ်းပြောကြတာတော့ ဖတ်ရတာ ခပ်တောင့်တောင့်ကြီး ဖြစ်နေတယ်တဲ့။
ဒါပေမယ့် မူရင်းဇာတ်ကားရဲ့ ဇာတ်အိမ်လေးကလဲ ကောင်းသလို သူပေးချင်တဲ့ မက်ဆေ့ခ်ျကလည်း ယနေ့ခေတ်လူငယ်များအတွက် သိထား၊ သတိထားသင့်တာမို့၊ ရည်ရွယ်ချက်လေး ကောင်းတာမို့ မြန်မာလို ၀တ္ထုလေးပြန်ရေးရင်း pdf ပြောင်းကာ e-book လေး လုပ်လိုက်တာပါ။
ဝတ္ထုလေးထဲက ဇာတ်လမ်းကတော့ အသက်၁၄နှစ်အရွယ် မိန်းကလေးတစ်ယောက် အင်တာနက်မှ တစ်ဆင့် လိမ်လည်ကာမရယူခြင်းခံခဲ့ရတဲ့ အကြောင်းလေး ဖြစ်ပါတယ်။
ဒီနေ့ခေတ်ဟာ အင်တာနက်မှ တစ်ဆင့် ရာဇ၀တ်မှုကျူးလွန်ဖို့ ကြိုးစားလာနေကြတဲ့ ခေတ်လည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အင်တာနက်ဟာ တအားမထွန်းကားသေးပေမယ့်  အင်တာနက်ရာဇ၀တ်မှုတွေကိုတော့ စတင် ကြုံတွေ့နေကြရပြီဖြစ်ပါတယ်။
ဘာပဲပြောပြော အင်တာနက်ဆိုတာ သတိထားပြီး အသုံးပြုရမယ့် အရာပါပဲ။
ဘာရယ်၊ ညာရယ်တော့ မဟုတ်၊ ပထမဆုံး ကြိုးစားမှုလေးမို့ MediaFire ကနေ တဆင့် မျှဝေဖို့ ကြိုးစားကြည့်တာပါ။
အကယ်၍ မိတ်ဆွေအနေနဲ့ ဒီစာလေး ဖတ်မိရင် အားနားပါးနာနဲ့ ကျွန်တော့်စာအုပ်လေးကို download လုပ်သွားပါဦးလို့ တောင်းဆိုပါရစေ။
download လုပ်ရန် link
http://www.mediafire.com/?3ip9965vv8jkkpw
( ကျွန်တော်က mediafire ကို ခုမှ စ သုံးတာဆိုတော့ သိပ် နားမလည်ဘူး၊ free account ဖြစ်နေတော့လည်း တင်ထားတဲ့ upload file က ဘယ်နှစ်ရက်ထိ ရမယ်မှန်း မသိသေးဘူး၊ အဆင်ပြေပြေ မျှဝေနိုင်လို့ရမယ့် site လေးများ သိရင် ကျွန်တော့်ကို ပြောပေးခဲ့ကြပါဦးခင်ဗျာ။)
Monday, July 23, 2012
အိမ်ပြန်လာမယ် - ဦးဂျွန်ကြီး (အမေရိကန်နိုင်ငံသား)
သီချင်းလေးနာမည်က အိမ်ပြန်လာမယ် ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံသား ဦးဂျွန်ကြီး ကိုယ်တိုင်ရေးဖွဲ့သီဆိုထားတဲ့ ကိုယ်ပိုင်သံစဉ် တေးသီချင်းဖြစ်ပါတယ်။
ဦးဂျွန်ကြီးဟာ အမေရိကန်နိုင်ငံသား၊ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ နှစ်အတန်ကြာ နေခဲ့ပါတယ်။
သူ အမေရိကန်ပြန်သွားပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံကို လွမ်းဆွတ်သတိရပြီး ပြန်လာချင်ခဲ့တဲ့အကြောင်း မြန်မာနိုင်ငံကို ပြန်ရောက်ပြီးမှ ရေးဖွဲ့သီဆိုထားတာ ဖြစ်ပါတယ်။
သီချင်းစာသားလေးတွေက တော်တော် အဓိပ္ပါယ်ရှိပါတယ်။
ကျွန်တော် တော်တော် ကြိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ အဝေးတစ်နေရာ ရောက်နေသူတိုင်း ခံစားနှစ်သက်နိုင်မယ်လို့ ယူဆပါတယ်ခင်ဗျာ။
Friday, July 20, 2012
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၁၅) (ဇာတ်သိမ်း)
(နှစ်ပေါင်းများစွာတည်ဆောက်ခဲ့တဲ့ ပျော်ရွှင်ဖွယ်ရာမိသားစုဘ၀လေးတစ်ခုကို သူစိမ်းတစ်ယောက်က ခဏတာအတွင်း ခိုးယူသွားခဲ့တယ်)
အန်နီနိုးလာတော့ မိုးစင်စင်လင်းနေချေပြီ။
အန်နီသည် စောင်ခြုံထဲမှ မထသေးဘဲ ဖြစ်ပျက်ခဲ့သော အကြောင်းအရာများကို စဉ်းစားနေမိ၏။
အတိတ်၏ အရိပ်ဆိုးကြီးအကြောင်းပင် ဖြစ်သည်။
ပြန်တွေးမိတော့ ရင်ထဲ တဆစ်ဆစ် နာကျင်လာသည်။
ဘာကြောင့်လဲ။
အန်နီ ဘာအပြစ်တွေများ ကျူးလွန်ခဲ့မိလို့ ကံကြမ္မာက ယခုလို ရက်ရက်စက်စက် အပြစ်ပေးခဲ့တာလဲ။
ဖြစ်ခဲ့သမျှ အရာအားလုံး အိပ်မက်ဆိုးတစ်ခုသာဖြစ်ခဲ့လျှင် ကောင်းလေစွ။
မှန်သည်။ ဟုတ်သည်။
ဖြစ်ခဲ့သမျှသည် အန်နီ့အတွက် အိပ်မက်ဆိုးတစ်ခုသာ ဖြစ်စေရမည်။
အိပ်မက်မှ နိုးထလာသော လူတစ်ယောက်အတွက် အိပ်မက်သည် ဆိုးသည်၊ ကောင်းသည်ဖြစ်စေ သူ၏ဘ၀ကို မည်သို့မျှ အကျိုးမသက်ရောက်စေသကဲ့သို့ အန်နီပြုမူရမည်။
အိပ်မက်မှ နိုးထလာသည်နှင့် တပြိုင်နက် အိပ်မက်နှင့် သက်ဆိုင်သော အရာအားလုံး လွင့်ပြယ်သွားသကဲ့သို့ ဤအဖြစ်အပျက်အားလုံး အန်နီ့ဘ၀ထဲမှ လွင့်ပြယ်ပျောက်ပျက်သွားစေရမည်။
အတိတ်ကို အိပ်မက်လို ထားခဲ့ပြီး အန်နီ ရှေ့ဆက်ရမည်။
ချာလီကဲ့သို့သော ယောက်ျားတစ်ယောက်အတွက်၊ ယခုလိုမျိုး အဖြစ်အပျက်တစ်ခုအတွက်လောက်နှင့် အန်နီ့ဘ၀တွင် အတားအဆီးမဖြစ်စေရ၊ အတားအဆီးအဖြစ်မခံနိုင်။
ဤအဖြစ်ဆိုးကို ဘာမှမဟုတ်သလို မေ့ဖျောက်ပစ်နိုင်ရမည်။
အန်နီ့ဘ၀ကို ယခင်လို ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နေဖို့ အန်နီ ဆုံးဖြတ်ချက် ချလိုက်သည်။
ယခင်လိုပင် ကျောင်းတက်နေမည်၊ စာကျက်နေမည်၊ အားကစားလုပ်နေမည်၊ ဘောလီဘောပုတ်နေမည်၊ မိသားစုနှင့် နွေးနွေးထွေးထွေးပြန်နေမည်။
ဘ၀သည် သူ့အလိုလို အဆင်ပြေသွားပါလိမ့်မည်။
အန်နီစဉ်းစားနေစဉ် တစ်ဖက်ရှိ ကေတီလေးအခန်းထဲမှ ကေတီလေးကို အန်နီ့မေမေလင်းက အ၀တ်အစားလဲပေးနေသော အသံများ ကြားနေရသည်။
မကြာခင် မနက်စာစားရန် အန်နီ့ကို အန်နီ့မေမေလင်းက လာနှိုးတော့မည်။
အန်နီ ကုတင်ထက်မှ ၀ုန်းကနဲ ထလိုက်သည်။
ရေချိုးမည်။ မနက်စာ စားမည်။ ပြီးလျှင် ကျောင်းသွားမည်။
အန်နီတို့မိသားစုတွင် အလုပ်တက်ချိန်၊ ကျောင်းတက်ချိန်တို့ တူညီကြသည်မဟုတ်ရာ မနက်စာစားချိန်လဲ မတူညီကြပေ။
ကေတီလေးကို မနက်စာစားရန် လင်းက ထမင်းစားခန်းထဲ ခေါ်လာသောအခါ မနက်စာစားနှင့်နေသော အန်နီ့ကို တွေ့လိုက်ရသဖြင့် လင်း အံ့သြသွားသည်။
လင်းက အန်နီ့ကို မရဲတရဲမေးလိုက်သည်။
" ဟုတ်.."
အန်နီက လင်းကို ပြန်မကြည့်ဘဲ မနက်စာ စားနေရင်းက ဖြေလိုက်သည်။
လင်းက ကေတီလေးအတွက် မနက်စာပြင်ပေးနေရင်းက အန်နီ့ကို ဂရုစိုက်ကြည့်နေမိသည်။
အန်နီ ပုံမှန်ပြန်ဖြစ်သွားတာမှ ဟုတ်ရဲ့လား။
မြန်ဆန်လွန်းလှပါလား..။
" အန်နီ ဒီနေ့ ကျောင်းတက်မယ်နော် မေမေ.."
လင်း ပါးစပ်အဟောင်းသားဖြစ်သွားသည်။
" တကယ်.. တကယ်ပြောတာလားသမီး.."
လင်းက တအံ့တသြမေးသည်။
" အင်းလေ.. ဒီနေ့ ကျောင်းဖွင့်ရက်ပဲ ဥစ္စာ..."
လင်းမှာ အံ့သြသလို ကြည်နူးဝမ်းသာသလို ခံစားလိုက်ရသည်။
" ကျောင်းတက်ရတာ ပျော်ဖို့ကောင်းတယ်.. ကျောင်းပြေးရင် ဆရာမက ဆူမှာပေါ့..."
ကေတီလေးက ဘာမှ မသိဘဲ ၀င်ပြောသည်။
" ဒါပေါ့ ကေတီရဲ့.."
အန်နီက ကေတီ့ကို ပြုံးပြီး ပြန်ပြောသည်။
အန်နီ့မျက်နှာပေါ်မှ အပြုံးကို တွေ့လိုက်ရသောအခါ လင်း၏ ရင်ထဲတွင် အတိုင်းမသိ ပီတိဖြစ်လိုက်မိလေသည်။
ထိုနေ့မှစ၍ အန်နီသည် မိမိကိုယ်ကို ပုံမှန်ပြန်ဖြစ်ရန် ကြိုးစားတော့သည်။
ကျောင်း ပုံမှန်သွားသည်။
ကျောင်းသင်ခန်းစာများကို အာရုံစိုက်သည်။
အားကစားချိန်တွင် အားကစားမှန်မှန်လုပ်သည်။
လေ့ကျင့်ချိန် အားထည့်လေ့ကျင့်သည်။
သူငယ်ချင်းများကိုတော့ ရှောင်နေမိနေတုန်းဖြစ်သည်။
ယခင်လို ဟက်ဟက်ပက်ပက် ရယ်မောစကားပြောကြဖို့ထိ အန်နီအားမတင်းနိုင်သေး။
ဘရစ်တနီ့ကိုလည်း ပြန်ခေါ်ချင်သည်။
ဘရစ်တနီက အန်နီပြောထားသော စကားကြောင့်လားတော့ မသိ။
အန်နီ့ကို ရှောင်နေသည်။
သို့သော် သိပ်မကြာလိုက်ပါ။ အန်နီ့မေမေလင်းက ဖုန်းနှင့်ဘရစ်တနီကို ချိတ်ပြီး ရှင်းပြလိုက်တော့ ဘရစ်တနီက စကားစ ပြောလာသည်။
စကားတွေ အများကြီးမပြောဖြစ်သေးသော်လည်း ယခင်လို စိမ်းစိမ်းကားကားကြီး မဟုတ်တော့သည်ကိုပဲ အန်နီ ၀မ်းသာမိပါသည်။
အိမ်တွင် ပုံမှန်ြပန်ဖြစ်စေရန် ကြိုးစားသည်။
မိဘများက သူမကို ဂရုစိုက်ကြည့်နေသလိုခံစားရသော်လည်း အန်နီက ပုံမှန်ဖြစ်နေပြီဖြစ်ကြောင်း ပြသရန် ကြိုးစားပါသည်။
အန်နီ့ဖေဖေ၀ီလ်နှင့် စကားပြောရသည်တော့ အစပိုင်းတွင် အနည်းငယ် ခပ်အမ်းအမ်း ဖြစ်နေသေးသည်။
စကားတစ်ခွန်းပြောလိုက်၊ စကားစ ပြတ်သွားလိုက်၊ နောက်တစ်ခွန်းရှာပြောလိုက်နှင့် စကားသံသရာ လည်နေကြသည်။
ဘာပဲပြောပြော အိမ်တွင်းအခြေအနေသည် ပုံမှန်အနေအထားသို့ တဖြည်းဖြည်း ချဉ်းကပ်လာပြီဖြစ်ရာ မိဘများမှာ ပီတိဖြစ်နေကြပါသည်။
အထက်တန်းကျောင်းများ ဘောလီဘောပွဲရာသီက စတင်တော့မည်ဖြစ်သဖြင့် အန်နီတို့ ကျောင်းလက်ရွေးစင်တစ်သင်းလုံး ပြင်းပြင်းထန်ထန် လေ့ကျင့်နေကြရခြင်းကလည်း အန်နီ၏ စိတ်ဒဏ်ရာကို အတိုင်းအတာတစ်ခုအထိ သက်သာစေသည်။
အန်နီက ပွဲထွက်ခြောက်ယောက်စာရင်းထဲ မပါသော်လည်း ကိုယ့်ကိုကိုယ် ကျေနပ်မိပါသည်။
သို့သော် ပထမဆုံးပွဲစဉ်မစခင်မှာပင် ပွဲထွက်လက်ရွေးစင်ဖြစ်သော စီနီယာကျောင်းသူ ဗစ်ကီ ရုတ်တရက် ဖျားလေသည်။
သို့ဖြစ်ရာ လက်ရွေးစင်အသင်းနည်းပြဆရာက အန်နီ့ကို ပွဲထွက်စာရင်းထဲထည့်ဖို့ ဆုံးဖြတ်လိုက်သည်။
စစချင်း အန်နီက ငြင်းဆန်ရန် စဉ်းစားမိသော်လည်း ဆရာ၏ စည်းရုံးမှုကြောင့်ရော၊ ကစားဖြစ်ပါက ပတ်ဝန်းကျင်နှင့် ပိုမိုသဟဇာတဖြစ်လာမည်ဟု အန်နီယူဆမိခြင်းကြောင့်ပါ ပထမဆုံးပွဲစဉ်တွင် ပထမဆုံး ပွဲအတွေ့အကြုံကို ရယူရန် အန်နီ ဆုံးဖြတ်လိုက်လေသည်။
" ပြင်းပြင်းရိုက်.. ပြင်းပြင်းရိုက်.."
" ကာပါဟ..."
" ထောင့်ကို.. ထောင့်ကို.."
" တစ်ချက်ပဲဟေ့..."
အားကစားရုံကြီးထဲတွင် အားပေးသံများက ဟိန်းညံလျှက် ရှိသည်။
" မမဟေ့.. မမဟေ့.."
ထိုအထဲတွင် ကေတီလေး၏ အသံက အကျယ်လောင်ဆုံးဖြစ်သည်။
အန်နီ၏ ပထမဆုံးပွဲစဉ်သို့ တစ်မိသားစုလုံး လာရောက်အားပေးကြသည်။
ကောလိပ်တက်နေသော ပီတာမှအပ ၀ီလ်၊ လင်းနှင့် ကေတီလေးတို့ လာအားပေးကြသည်။
အန်နီနှင့် အချစ်ဆုံးသူငယ်ချင်း ပြန်ဖြစ်သွားပြီဖြစ်သော ဘရစ်တနီလည်း လာရောက် အားပေးသည်။
အန်နီကတော့ အရာအားလုံးကို မေ့ဖျောက်ကာ ကစားပွဲ၌ နှစ်မြုပ်လိုက်လေသည်။
အမှတ်အနေအထားအရလည်း တစ်ဖက်အသင်းကို ဦးဆောင်ထားနိုင်သည်မို့ အန်နီတို့ အသင်းသားအားလုံး ပျော်ရွှင်နေကြသည်။
အန်နီ၏ ရိုက်ချက်တို့က အားအလွန်ပါလှသည်မဟုတ်သော်လည်း နေရာလွတ်ကို ရှာကာ ထိုနေရာသို့ ရိုက်ချတတ်သည်မို့ အားသာချက်တစ်ခု ဖြစ်နေသည်။
ပျော်ရွှင်စွာအားပေးနေသော ၀ီ်လ်သည် မျက်နှာချင်းဆိုင် ပွဲကြည့်စင်ပေါ်မှ လူတစ်ယောက်ကို သတိထားမိလိုက်သည်။
ဒီဂျစ်တယ်ကင်မရာငယ်လေးတစ်လုံးကိုင်ကာ မှတ်တမ်းတင်နေသော လူတစ်ယောက်ဖြစ်သည်။
မျက်နှာက ပြုံးနေပြီး သူ့မျက်လုံးများကို မရိုးသားဟု ၀ီလ်ယူဆလိုက်သည်။
ရွှေရောင်ဆံပင်၊ သပ်ရပ်စွာ ပင့်တင်ထားသည့် အလယ်ခွဲ၊ အရပ်မြင့်မြင့်၊ ဗလတောင့်တောင့်...။
ဝီလ့်မျက်လုံးထဲ အမှောင်ထဲမှ ရော့ဘ်မာ့စ်ကုမ်း၏ ပုံပန်းသဏ္ဍာန်က ဗြုန်းကနဲ ပေါ်လာသည်။
ဟင်.. မုဒိမ်းကောင်.. သည် မုဒိမ်းကောင်..။
သည်ကျောင်းထဲ ဘာလာလုပ်သလဲ။
ဖြူစင်နုနယ်သော မိန်းကလေးများ၏ ဘောလီဘောပွဲကို မှတ်တမ်းတင်နေသည်။
သည်လိုကောင်မျိုး သည်နေရာ ရောက်လာစရာအကြောင်းမရှိ။
သားကောင်လာရှာတာပဲ ဖြစ်ရမည်။
ဝီလ်က ဗြုန်းကနဲ ထိုင်နေရာမှ ထကာ ထိုလူဆီ ဦးတည်သွားလိုက်သည်။
ယှဉ်ပြိုင်နေသော ဘောလီဘောကွင်းထဲ တည့်ဖြတ်လျှောက်သွားသည်။
ပွဲက ရပ်သွားပြီး လူအားလုံး၏ အာရုံက ၀ီလ့်ထံ ရောက်သွားသည်။
ဝီလ့်မျက်လုံးထဲ ဘာမျှ မမြင်တော့။
ထိုလူ့ကို ထိုးရိုက်ချင်စိတ်များသာ ရှိတော့သည်။
ထိုလူ ချာလီဟုတ်သည်၊ မဟုတ်သည် အဓိကမဟုတ်။
သည်လိုနေရာမှာ သည်လိုကောင်မျိုး ရှိကို မရှိသင့်။
နောက်ထပ်ဖြူစင်သော ကလေးငယ်များ သားကောင်ထပ်မဖြစ်စေရ။
သည်လိုမိုက်ရိုင်းသော ကောင်မျိုးကို အသေသတ်ရမည်။
" ဟေ့.. ရော့ဘ်မာ့စ်ကုမ်း.."
ဝီလ်က ပွဲကြည့်စင်ဒုတိယတန်းတွင် ထိုင်နေသော ထိုလူ့ကို ခေါ်လိုက်သည်။
ရွှေရောင်ဆံပင်နှင့်လူက ကြောင်တောင်တောင်ပြန်ကြည့်သည်။
" တော်တော်ပျော်နေတယ် ဟုတ်လား.."
" ဗျာ.."
" မင်းက ဒီကလေးတွေကို မကောင်းကြံဦးမလို့လား..."
" ဘာဖြစ်တယ်..."
ကြောင်တောင်တောင်လုပ်နေသဖြင့် ၀ီလ် စိတ်မထိန်းနိုင်တော့ဘဲ ထိုလူကို ပွဲကြည့်စင်မှ ဆွဲချလိုက်သည်။
ကြမ်းပြင်ပေါ်လဲကျသွားသောအခါ ၀ီလ်က ထိုလူ့ကို ဖိထိုးလေတော့သည်။
ရွှေရောင်ဆံပင်နှင့်လူလည်း ဘာမှ ပြန်မလုပ်နိုင်ဘဲ အတင်းကာနေသည်။
ပွဲကစားနေသော ကျောင်းသူလေးများရော၊ ပွဲကြည့်ပရိသတ်ရော ရုတ်တရက်မို့ ငြိမ်ကျသွားသည်။
ထို့နောက် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။
ဝီလ် လေးငါးချက်ခန့် ထိုးပြီးသောအခါမှ ဘေးလူများက ၀င်ဆွဲကြသည်။
နှစ်ဘက်ကျောင်းအသင်းများမှ နည်းပြဆရာနှစ်ဦး ပြေးလာကြသည်။
" ဘာဖြစ်တာလဲ... ဘာဖြစ်တာလဲ..."
တစ်ဖက်ကျောင်းမှ နည်းပြဆရာက ပြေးလာပြီး ရွှေရောင်ဆံပင်နှင့်လူကို ဆွဲထူလိုက်သည်။
" တိုင်လာ.. ဘာဖြစ်တာလဲ..."
လင်းလဲ ၀ီလ့်အနား အပြေးရောက်လာသည်။
ထိုစဉ် တစ်ဖက်အသင်းမှ အားကစားဝတ်စုံနှင့် ကောင်မလေးတစ်ယောက် ရွှေရောင်ဆံပင်နှင့် တိုင်လာဆိုသောသူနား ပြေးပြီး ရောက်လာပြန်သည်။
" ဖေဖေ.. ဖေဖေ.. ဘာဖြစ်တာလဲ..."
" ရတယ် သမီး... ဘာမှ မဖြစ်ပါဘူး.."
" ကျွန်တော် ရဲကို ခေါ်လိုက်မယ်.."
တစ်ဖက်နည်းပြဆရာက ပြောသည်။
" ဟာ... မလုပ်နဲ့.. မလုပ်နဲ့.. မလိုပါဘူး.. အထင်လွဲမှုတစ်ခုပါဗျာ..."
ရွှေရောင်ဆံပင်နှင့် တိုင်လာဆိုသောသူက ပျာပျာသလဲ တားသည်။
" ဖေဖေ.. တော်တော်ထိသွားလား..."
" အာ... မများပါဘူးသမီးရယ်... စိတ်ပူသွားတာလား.. ဆောရီး.. ဆောရီး.. အထင်လွဲပြီး ဖြစ်တာပါ..."
" ခင်ဗျား ဖြစ်ရဲ့လား..."
" လုံးဝ သေချာတာပေါ့... ဘာမှ မဖြစ်ပါဘူး... အထင်လွဲတာပါ.. ဒါပါပဲ..."
ဘေးမှ လူများ ချုပ်ထားသည့်ကြားမှ ၀ီလ်တစ်ယောက် ဖြစ်စဉ်ကို ကြောင်ပြီး ငေးကြည့်နေမိသည်။
ယခုမှ ၀ီလ် အသိ ပြန်ဝင်လာသည်။
ရွှေရောင်ဆံပင်နှင့် တိုင်လာဆိုသောသူကို ရော့ဘ်မာ့စ်ကုမ်းထင်ပြီး ၀ီလ် ကိုယ်ထိလက်ရောက် ထိုးကြိတ်နေမိခဲ့တာပါလား...။
" ဖေဖေ ဘယ်လိုလုပ်လိုက်တာလဲ..."
အန်နီက ဒေါသဖြင့် ပြောသည်။
အန်နီ ရှက်လွန်းသဖြင့် ပွဲဆက်မဆော့တော့ဘဲ မိဘများကိုခေါ်ကာ အိမ်ပြန်ရောက်လာခဲ့ခြင်း ဖြစ်သည်။
သားအဖနှစ်ယောက် ပြဿနာတက်နေပြီမို့ လင်းက ကေတီလေးကို အပေါ်ထပ်သို့ ဆွဲခေါ်သွားသည်။
ဧည့်ခန်းထဲ၌ အန်နီနှင့် ၀ီလ်သာ ကျန်ခဲ့သည်။
" ဖေဖေ.. ဖေဖေ တောင်းပန်ပါတယ် သမီးရယ်.."
ဝီလ်က တရားခံတစ်ယောက်လို အန်နီ့ရှေ့တွင် မလုံမလဲရပ်နေရင်း တောင်းပန်သည်။
" ခုမှ တောင်းပန်နေတယ်.. ရှက်ဖို့ ကောင်းလိုက်တာ ဖေဖေရယ်... သမီးမှာတော့ ပုံမှန်ဘ၀လေး ပြန်ဖြစ်ဖို့ ကြိုးစားနေရတာ..."
" ဖေဖေ.. ဖေဖေ အသိစိတ်လွတ်သွားလို့ပါ... ဘယ်လိုပြောရမှန်းတောင် မသိတော့ပါဘူး.. ဖေဖေ တောင်းပန်ပါတယ် သမီးရယ်..."
" ဖေဖေ မသိဘူးလား... သမီးဘ၀ ပျက်စီးသွားတာ.."
" မဟုတ်.. မဟုတ်ပါဘူးသမီးရယ်.. ဖေဖေတို့ ခက်ခဲတဲ့အချိန်တွေ ကျော်ဖြတ်နေကြရတာ မှန်ပါတယ်.. ဒါပေမယ့် သမီးဘ၀ မပျက်စီးသေးပါဘူး..."
" ဖေဖေတို့ ခက်ခဲတဲ့အချိန်တွေ ဖြတ်သန်းနေတာမဟုတ်ဘူး... ဖေဖေတို့ မုဒိမ်းကျင့်ခံခဲ့ရတာလဲ မဟုတ်ဘူး... အန်နီ.. အန်နီပါ.."
အန်နီက ပေါက်ကွဲစွာဖြင့် အော်ဟစ်လေသည်။
" အဲဒါ အန်နီ ... ဖေဖေ မဟုတ်ဘူး..."
" ဖေဖေ သိပါတယ်... ဒါပေမယ့်..."
" ဟုတ်တယ်.. အန်နီသိတယ်.. အရာရာတိုင်း အရင်အတိုင်း ပြန်မဖြစ်နိုင်တော့ပါဘူး..."
အန်နီ့ပါးပြင်ပေါ် မျက်ရည်များ ကျဆင်းလာသည်။
" ဒါပေမယ့် ဖေဖေရယ်... အချိန်တိုင်း အဲဒါကြီးကို ပြန်အမှတ်ရနေအောင် မလုပ်ပါနဲ့တော့... အန်နီ တောင်းပန်ပါတယ်..."
အန်နီသည် ငိုကြွေးရင်းနှင့် သူမအခန်းရှိရာ အပေါ်ထပ်သို့ ပြေးတက်သွားလေသည်။
ဝီလ်လည်း ယူကျုံးမရဖြစ်ကာ မိမိကိုယ်ကို မိမိ အပြစ်တင်နေမိတော့၏။
နောက်နေ့ ဘောလီဘောအသင်းသားများကိုရော၊ နည်းပြဆရာကိုရော၊ လာရောက်အားပေးသည့် သူငယ်ချင်းများကိုပါ ရင်မဆိုင်ချင်သေးသော်လည်း အန်နီ ကျောင်းသို့ ထွက်လာခဲ့သည်။
ကျောင်းထဲ ရောက်ရောက်ချင်း ကြိုတင်ရောက်နေဟန်ရှိသော ဘရစ်တနီက အန်နီ့ထံ ပြေးလာသည်။
" အန်နီ... ငါ... ငါ တကယ်စိတ်မကောင်းပါဘူးဟာ..."
" ဘာအတွက်လဲ... အဲဒါ နင့်အပြစ်မှ မဟုတ်တာ... ငါ့အဖေ ဆိုက်ကို ၀င်နေလို့ ဖြစ်တာပဲ..."
အန်နီက ပြန်ပြောလိုက်တော့ ဘရစ်တနီက နားမလည်သလို ပြန်ကြည့်သည်။
" ဟာ... မဟုတ်ပါဘူး.. ငါ အဲဒီကိစ္စကို ပြောနေတာ မဟုတ်ရိုးအမှန်ပါ..."
" ဟမ်.. ဒါဖြင့် နင်က ဘာအကြောင်းပြောတာလဲ..."
" ဟို.. ဟိုလေ.. အင်တာနက်ပေါ်မှာ..."
အန်နီ့ရင်ထဲ ဒိန်းခနဲ ဖြစ်သွားသည်။
အင်တာနက်ပေါ်မှာ... အင်တာနက်ပေါ်မှာ ဘာတွေ ရောက်နေပြီလဲ..။
ဘုရား.. ဘုရား..။
အန်နီသည် ဘရစ်တနီ့စကားကို ဆုံးအောင် နားမထောင်တော့ဘဲ စာကြည့်တိုက်ရှိရာသို့ ပြေးထွက်ခဲ့တော့၏။
" အန်နီ.. အန်နီ..."
ဘရစ်တနီအော်ခေါ်သော်လည်း လုံးဝ မကြားတော့ပေ။
အင်တာနက်ပေါ်မှာ.. အင်တာနက်ပေါ်မှာ..။
ဘုရား.. ဘုရား.. မဟုတ်ပါစေနှင့်..။
စာကြည့်တိုက်ထဲရှိ e-library သို့ ပြေးသည်။
စာကြည့်တိုက်ထဲတွင် ကျောင်းသူ၊ကျောင်းသားအချို့ ရောက်နေကြပြီ ဖြစ်သည်။
လွတ်နေသော ကွန်ပြူတာတစ်လုံးရှေ့တွင်ထိုင်ကာ ကီးဘုတ်တွင် အလောတကြီး ရိုက်လိုက်သည်။
အန်နီကင်မရွန်း.....
internet search engine တစ်ခုမှ ကျလာသော အရာကို အန်နီမြင်လိုက်ရသောအခါ အန်နီ ကြက်သေသေသွားမိတော့သည်။
ညစ်ညမ်းဇာတ်ကားများကို တင်လေ့ရှိသည့်ဆိုက်တချို့တွင် အန်နီနှင့် ချာလီတို့၏ ဗီဒီယိုဖိုင်က ရောက်နေလေပြီ။
နည်းပညာဖြင့် ပြုပြင်ထားသဖြင့် ချာလီ၏မျက်နှာကို လုံးဝ မမြင်ရသော်လည်း အန်နီ့မျက်နှာကား ရှင်းရှင်းလင်းလင်း တွေ့နေရလေသည်။
ဆက်သွယ်ရန်ဟုဆိုကာ အန်နီ့နာမည်၊ ဖုန်းနံပါတ်နှင့် နေရပ်လိပ်စာတို့ပါ အတိအကျ ရေးထားလေသည်။
သွားပြီ.. သွားပြီ.. ငါ့ဘ၀..။
အန်နီသည် ကွန်ပြူတာကိုပင် မပိတ်မိတော့ဘဲ စာကြည့်တိုက်ထဲမှ ချက်ချင်း ထွက်ပြေးခဲ့မိလေသည်။
ဝီလ် ရုံးမသွားခင် နံနက်စာစားရန် ပြင်ဆင်နေသည်။
ဝီလ်၏ ရုံးတက်ချိန်က နောက်ကျသဖြင့် အိမ်တွင် နောက်ဆုံးမှ ထွက်သည်။
ဝီလ် အိပ်ရာထပြီဆိုလျှင် တစ်အိမ်လုံး မည်သူမျှ မရှိကြတော့ပေ။
ဝီလ် နံနက်စာ စားရန် ငှက်ပျောသီးဖျော်ရည် ဖျော်နေစဉ် အိမ်ထဲမှ ခြေသံအချို့ ကြားလိုက်သည်။
" လင်းလား.."
ဝီလ်က မီးဖိုချောင်မှ ခေါင်းပြူကြည့်လိုက်တော့ မည်သူမျှ ရှိမနေပါ။
ထို့နောက် ၀ီလ် နံနက်စာစားရန် ကြက်ဥ ကြော်နေလိုက်သည်။
ကြက်ဥကြော် မကျက်ခင်မှာပင် ၀ီလ့်ထံသို့ ဖုန်းဝင်လာသည်။
ဝီလ်က ဟမ်းဖုန်းကို ကောက်ကိုင်လိုက်သည်။
" ဟယ်လို.."
" ၀ီလ်.. ရှင်ဘယ်မှာလဲ.. ဘယ်ရောက်နေတာလဲ.."
လင်းထံမှ ဖြစ်သည်။ လင်းအသံတို့က စိုးရိမ်ထိတ်လန့်နေသလိုရှိသည်။
" ကိုယ် အိမ်မှာလေကွာ.. ရုံးမသွားရသေးဘူး.. လင်းရော.."
" အခု လမ်းမှာ.. အန်နီ.. အန်နီ အဲဒီမှာရှိလား..."
" ဟင်.. ကိုယ်.. ကိုယ် မသိဘူး.. ဘာ.. ဘာဖြစ်လို့လဲ.."
ဝီလ်လည်း စိုးရိမ်ထိတ်လန့်သွားသည်။
" ဘရစ်တနီ ခုနက ဖုန်းဆက်တယ်... တစ်ခုခု.. တစ်ခုခုတော့ ဖြစ်နေပြီရှင်.. အန်နီ အဲဒီမှာရှိလား.."
" ဘယ်လို... အန်နီ.."
ဖုန်းကို ကိုင်ထားရင်း ၀ီလ်က အန်နီကြားနိုင်စေရန် အော်ခေါ်လိုက်သည်။
မည်သည့်တုန့်ပြန်မှုမှ မရှိ။
" ဘာ.. ဘာဖြစ်လို့လဲ.. ဘာဖြစ်လို့လဲ.."
" မသိဘူး.. သွား.. သွားကြည့်ကြည့်ပါဦး.. မြန်မြန်.. မြန်မြန်.."
" အန်နီ.. အန်နီ.."
ဝီလ်က ဖုန်းကို စားပွဲပေါ် ပစ်ချလိုက်ပြီး အိမ်ပေါ်ထပ်သို့ သမီးနာမည် အော်ခေါ်ရင်း ပြေးတက်သွားသည်။
" အန်နီ.. သမီး ရှိလား.."
ဝီလ် အိမ်ပေါ်ထပ်ရောက်တော့ အန်နီ့အခန်းက ပွင့်နေပြီး အခန်းထဲတွင် မည်သူမျှ မရှိ။
ရေချိုးခန်းပိတ်ထားသည်ကို မြင်လိုက်ရရာ ရေချိုးခန်းတံခါးကို တွန်းဖွင့်လိုက်သည်။
မရ.. အတွင်းမှ ဂျက် ချထားသည်။
" အန်နီ.. သမီး အထဲမှာလား.."
ဖြေသံ မကြားရ။
" အန်နီ.. တံခါးဖွင့်စမ်း.."
တုန့်ပြန်မှုမရှိ။
ဝီလ် မစောင့်နိုင်တော့ဘဲ တံခါးကို ပွင့်သွားစေရန် ခြေထောက်နှင့် အားကုန် ဆောင့်ကန်၏။
ငါးချက်ခန့် ရှိသောအခါမှ တံခါးက ဂျက်ပြုတ်ပြီး ပွင့်သွားသည်။
ရေချိုးကန်ထဲ၌ အန်နီလဲနေသည်။
" ဘုရားရေ.."
ရေချိုးကန်ဘေးတွင် ဖရိုဖရဲ လဲပြိုနေသော အိပ်ဆေးဗူးကို တွေ့လိုက်ရသည်။
ဝီလ်က အန်နီ့ကို စိုးရိမ်စွာ ပွေ့ထူလိုက်သည်။
" အန်နီ.. သမီး.. သမီး.."
" အန်နီ.. အန်နီ.. အသက် မ ရှင် ချင် တော့ လို့ ပါ..."
အန်နီက မပီမသ တစ်လုံးချင်း ပြောသည်။
သူမ၏ မျက်စိများ မပွင့်တော့..။
" ၀ီလ်..."
အိမ်အောက်ထပ်မှ လင်းအသံကြားလိုက်သည်။
" ဆေးရုံကား အမြန်ခေါ်.."
ဝီလ်က အော်ပြောလိုက်ပြီး အန်နီ့ကို လက်တစ်ဖက်မှ ပွေ့ထားကာ လက်တစ်ဖက်ဖြင့် ပါးစပ်ထဲ ထိုးနှိုက်လိုက်သည်။
" သမီးလေး.. ပါးစပ်ဖွင့်ပါ သမီးလေးရယ်.."
လင်းက ဆေးရုံကားကို ဖုန်းခေါ်နေရင်း အခန်းထဲ အပြေးရောက်လာသည်။
ဝီလ်က အန်နီ့ပါးစပ်ထဲ နှိုက်ကာ အာခေါင်ရောက်သည်အထိ လက်ချောင်းဖြင့် ထိုးလိုက်သည်။
ထိုအခါ အန်နီ့ပါးစပ်ထဲမှ ၀ါဝါအရည်ပျစ်ပျစ်များ ဝေါကနဲ အန်ထွက်လာသည်။
" အန်ပါသမီးရယ်.. အကုန်အန်ထုတ်လိုက်ပါ သမီးလေးရယ်.."
အန်နီ အန်ထုတ်နေသည်။
အချိန်မီမည်ဟု မျှော်လင့်ရပါသည်။
ပြည်သူ့ဆေးရုံ အရေးပေါ်လူနာများဧည့်ခန်းအတွင်း၌ ၀ီလ်နှင့်လင်းတို့ စိုးရိမ်ပူပန်စွာ ထိုင်နေကြသည်။
အန်နီ့အား အချိန်မီတွေ့ရှိခဲ့ခြင်း၊ အိပ်ဆေးများကို အန်ထုတ်စေခဲ့ခြင်၊ ဆေးရုံကား အမြန်ရောက်လာပြီး ဆေးရုံသို့ အချိန်မီ ပို့ဆောင်နိုင်ခဲ့ခြင်းတို့ကြောင့် အန်နီ့အသက်ကို မီခဲ့ပါသည်။
အန်နီသည် အိပ်ဆေးဒဏ်ကြောင့် မေ့မျောလျက်ရှိနေပြီး စိတ်ချရစေရန် ဆေးရုံတွင် ဆက်လက်ထားကာ ကုသပေးပြီးမှ သတိပြန်လည်လာပြီး အသက်အတွက် စိတ်ချရမှသာ အိမ်သို့ ပြန်ခေါ်ခွင့်ပြုမည်ဆိုသဖြင့် ၀ီလ်နှင့်လင်းတို့ ထိုင်စောင့်နေကြခြင်းဖြစ်သည်။
ညရှစ်နာရီခန့်တွင် အန်နီသတိပြန်ရလာပြီး အသက်အတွက် စိတ်ချရပြီဖြစ်သဖြင့် ဆေးရုံမှ ၀ီလ်တို့အား ပြန်လည်ခေါ်ဆောင်ခွင့် ပြုလိုက်လေသည်။
ဝီလ်တို့ အန်နီ့ကို အိမ်သို့ ပြန်ခေါ်လာသောအခါ အိမ်တွင် ဘရစ်တနီ၊ အန်တီနီကိုးနှင့် ကေတီလေးတို့ ရှိနေကြသည်။
အန်တီနီကိုးက အကျိုးအကြောင်းမေးပြီးနောက် ကေတီလေးကို သူမအိမ်သို့ ခေါ်သွားလေသည်။
အိမ်ပြန်ရောက်ပြီး ခဏအကြာတွင် အန်နီ ပြန်အိပ်ပျော်သွားသည်။
လင်းနှင့် ဘရစ်တနီတို့ကို စောင့်ကြည့်နေစေပြီး ၀ီလ် အောက်ထပ်ဆင်းလာခဲ့ကာ ဧည့်ခန်းထဲ၌ ထိုင်နေ၏။
ည ဆယ့်တစ်နာရီခန့်တွင် လင်း အောက်ထပ်ပြန်ဆင်းလာသည်။
" သမီးလေး အိပ်နေတုန်းပဲမဟုတ်လား လင်း.."
လင်းက စကားပင် ပြန်မပြောနိုင်ဘဲ ခေါင်းသာ ညိတ်ပြသည်။
ထို့နောက် ရေခဲသေတ္တာထဲမှ ၀ီစကီပုလင်းကို ထုတ်ယူကာ ဖန်ခွက်တစ်ခွက်ထဲ ငှဲ့လိုက်သည်။
" ဘရစ်တနီက အန်နီ့ကို စောင့်အိပ်ပေးလိမ့်မယ်.."
လင်းသည် စကားတစ်ခွန်းပြောပြီး ၀ီစကီခွက်ကို ယူကာ အိပ်ခန်းထဲ ၀င်သွားလေသည်။
အန်နီ အိပ်ရာမှ နိုးလာတော့ နံနက်လေးနာရီကျော်ခန့် ရှိမည်ထင်သည်။
အပြင်ဘက်တွင် လင်းစပျိုးနေပြီဖြစ်၏။
သူမနံဘေးတွင် အိပ်ပျော်လျက်ရှိသော ဘရစ်တနီ့ကို တွေ့လိုက်ရသဖြင့် အိပ်ရာထဲမှ ဖြည်းညင်းစွာ ထွက်ခဲ့သည်။
ဦးခေါင်းမှာ အနည်းငယ်မူးဝေနေသေးသလို ရှိသော်လည်း ပြန်မအိပ်ချင်တော့သဖြင့် အိမ်အောက်ထပ်ဆင်းခဲ့သည်။
တစ်အိမ်လုံး တိတ်ဆိတ်နေပြီး မီးများလည်း ပိတ်ထားသည်။
အန်နီ အိမ်ရှေ့ကို လှမ်းကြည့်လိုက်သောအခါ အိမ်ရှေ့ခြံဝင်းထဲ၌ ပက်လက်ကုလားထိုင်တစ်လုံးပေါ်တွင် စောင်တစ်ထည်နှင့် ထိုင်နေသော ၀ီလ့်ကို တွေ့လိုက်ရလေသည်။
အန်နီက သူမဖေဖေ၀ီလ့်ထံ သွားလိုက်ကာ ဘေးတွင် ရှိသော ခုံလေးတစ်လုံးပေါ် ထိုင်လိုက်သည်။
" ဖေဖေ.. အဆင်ပြေရဲ့လားဟင်.."
ဝီလ်က အန်နီ့ကို မော့ကြည့်သည်။
" ရေကူးကန်ထဲမှာ သမီး ပထမဆုံးရောက်ဖူးတဲ့အချိန်ကို မှတ်မိလား.."
ဝီလ်က မေးသည်။
" ရှင်.."
" အင်း.. သမီး ဘယ်မှတ်မိမလဲ.. သမီးအသက်က အဲဒီတုန်းက ၂နှစ်ပဲ ရှိသေးတာလေ.."
ဝီလ်က ဆက်ပြောနေသည်။
" သမီးကိုကြီးပီတာ ရေကူးကန်ထဲ ပထမဆုံး စဆင်းတော့ သူတအားကြောက်ခဲ့တာ.. တအားလဲ အော်တယ်.. ငိုလဲငိုတယ်.. လုံးဝကို အငိုမရပ်တော့ဘူး... သူက ရေချိုးဇလုံထဲ အဆင်ပြေပေမယ့်.. ရေကူးကန်ထဲမှာ မရဘူး.."
ဝီလ်က အန်နီ့ကို ကြည့်လိုက်သည်။
" သမီးက အဲဒီလို မဟုတ်ဘူး.. သမီးက လုံးဝ အကြောက်အလန့် မရှိဘူး..."
" ဟုတ်.. အန်နီ မှတ်မိပြီ..."
" သမီးက တကယ့်ကို အံ့သြဖို့ကောင်းတယ်... ရေကူးကန်ထဲမှာ ပျော်နေတာ.. ရယ်လိုက်.. ရေဆော့လိုက်နဲ့ပေါ့..."
ဝီလ်က ဂုဏ်ယူဟန်ဖြင့် ပြောသည်။
" သမီးက အဲဒီတုန်းကတည်းက ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိတယ်.. နောက်ပြီး သမီးက ယုံကြည်တယ်.. တခြားအရာတွေကို.. တခြားလူတွေကို.. ကမ္ဘာကြီးကိုရောပေါ့.. အဲဒါ သမီးရဲ့ ပုံစံပဲလေ.. အကြောက်တရားလုံးလုံးမရှိတာ..."
ဝီလ်က ပြောနေရင်း ခေတ္တရပ်သွားသည်။
" ဖေဖေ အဲဒါကို တအားသဘောကျတယ်.. တအားဂုဏ်ယူတယ်.. သိလား အားလဲ အားကျတယ်.."
အန်နီက သူ့ဖေဖေကို စိုက်ကြည့်နေသည်။
" နောက်ပြီး ဖေဖေစိုးရိမ်ခဲ့တယ်.. သမီးကြီးလာရင် အဲဒီအရာတွေကို ဆုံးရှုံးသွားမှာကိုလေ.. ဒါပေမယ့် သမီး မဆုံးရှုံးခဲ့ပါဘူး.."
ဝီလ်က ပြောနေရင်းက အသံများ တုန်ယင်လာသည်။
" ဖေဖေပဲ ဆုံးရှုံးခဲ့တာပါ.. ဖေဖေက သမီး အဲဒီအရာတွေ မဆုံးရှုံးဖို့ လုပ်ရင်း ကိုယ့်ရဲ့ ယုံကြည်မှုရော သမီးရဲ့ ယုံကြည်မှုကိုပါ ပျက်စီးသွားအောင် လုပ်သလို ဖြစ်နေခဲ့တာ.. သမီးကို စောင့်ရှောက်ပေးရမယ့် အစားလေ.. ကိုယ့်သမီးကိုမှ မစောင့်ရှောက်နိုင်တဲ့ အဖေဟာ ဘယ်လိုအဖေမျိုး ဖြစ်မှာလဲ..."
ဝီလ့်ပါးပြင်ပေါ် မျက်ရည်များ ကျဆင်းလာလေပြီ။
" သမီး အဲဒီ ယုံကြည်မှုတွေ ဆုံးရှုံးနေတာကို ဖေဖေ ကြည့်နေခဲ့ရတယ်.. သမီး ကိုယ့်ကိုကိုယ် အပြစ်တင်နေတာ၊ မေးခွန်းထုတ်နေတာတွေကို ဖေဖေ ကြည့်နေခဲ့ရတယ်.. နောက်ဆုံး သမီးလေး ကိုယ့်ကိုကိုယ် အန္တရာယ်ပေးဖို့ ကြံစည်တာတောင်မှ ခွင့်ပြုခဲ့ရတယ်.."
ဝီလ် ပြောနေရင်းက ငိုကြွေးနေမိလေသည်။
" ဖေဖေ.."
" ဖေဖေ့ကို သမီး ခွင့်လွှတ်ချင်မှ ခွင့်လွှတ်ပါ သမီးရယ်.. ဖေဖေ တောင်းပန်ပါတယ်.. တကယ့်ကို တောင်းပန်ပါတယ်ကွယ်... သမီးကို ဖေဖေ.. ဖေဖေ အရမ်းချစ်ပါတယ်ကွယ်..."
" ဖေဖေ.. ဖေဖေရယ်.."
အန်နီလည်း မျက်ရည်များကို မထိန်းနိုင်တော့ဘဲ ကျဆင်းလာပြီး သူမဖေဖေကို ပွေ့ဖက်လိုက်သည်။
သားအဖနှစ်ယောက်သည် မျက်ရည်များကြားမှ တစ်ဦးနှင့်တစ်ဦး တင်းကြပ်စွာ ပွေ့ဖက်ထားမိကြလေသည်။
အန်နီ့အနေဖြင့်ကား မည်သည့်အခါမျှ ပြောင်းလဲသွားမည်မဟုတ်သော မိဘနှင့် သားသမီးကြားမှ အချစ်စစ်၊ အချစ်မှန်ကို ထာဝရအတွက် ရှာဖွေတွေ့ရှိခဲ့ပြီဖြစ်သည်။
တစ်ချိန်က သူမ အချစ်ဟု ယုံကြည်ခဲ့သောအရာသည်ကား အတုအယောင်ပင် ဖြစ်လေသည်။
(ထိုသို့ဖြင့် အန်နီတို့ မိသားစုလေးသည် ယခင်ကကဲ့သို့ ပျော်ရွှင်ဖွယ်ရာ မိသားစုဘ၀လေးကို ပြန်လည်ထူထောင်ခဲ့ကြပြီးနောက် လအနည်းငယ်အကြာတွင် FBIအေးဂျင့်များသည် အန်နီ့အမှုအပါအ၀င်ဖြစ်သော အမှုလေးမှုတို့၏ မုဒိမ်းကောင် ချာလီ (ခေါ်) ဂျွန်ဒိုး (ခေါ်) (အမည်အရင်း) ၀က်စတင်ဆိုသူအား အင်ဒီယားနားပိုလစ်စ်တွင် ဖမ်းဆီးရမိခဲ့သည်။ ထိုသူသည် ဇနီးတစ်ဦးနှင့် သားတစ်ဦးလည်းရှိပြီး အင်ဒီယားနားပိုလစ်စ်မြို့ အထက်တန်းကျောင်းတစ်ကျောင်းတွင် ရူပဗေဒဘာသာရပ် သင်ကြားပေးနေသော ကျောင်းဆရာတစ်ဦးလည်း ဖြစ်လေသည်။ သားသမီးချင်း ကိုယ်ချင်းမစာနာစွာ ပြစ်မှုများ ကျူးလွန်ခဲ့သော ၀က်စတင်သည် ပတ်ဝန်းကျင်၌လည်း မိသားစုပါ အရှက်တကွဲ အကျိုးနည်းဖြစ်ရသည့်အပြင် တရားဥပဒေ၏ အဆုံးအမကိုလည်း ခံယူရတော့မည် ဖြစ်ပေသည်။)
(ပြီးပါပြီ)
Thursday, July 19, 2012
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၁၄)
ယနေ့ကျရောက်သော အာဇာနည်နေ့တွင် (၁၉၄၇ခုနှစ်၊ ဇူလိုင်လ၊ ၁၉ရက်နေ့တွင်) ကျဆုံးသွားခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးများအား ရိုသေလေးစားစွာ အလေးပြုအပ်ပါသည်။
(နှစ်ပေါင်းများစွာတည်ဆောက်ခဲ့တဲ့ ပျော်ရွှင်ဖွယ်ရာမိသားစုဘ၀လေးတစ်ခုကို သူစိမ်းတစ်ယောက်က ခဏတာအတွင်း ခိုးယူသွားခဲ့တယ်)
ဟောလိုဝင်းပိတ်ရက်မို့ ကောလိပ်မှ ၀ီလ်၏သားကြီးပီတာ ယနေ့ညနေရထားဖြင့် ပြန်လာမည်ဖြစ်သည်။
ထို့ကြောင့် ၀ီလ်တစ်ယောက် ဘူတာရုံသို့ ရောက်နေခြင်းဖြစ်၏။
ပီတာက အပျော်ကျူးတတ်သော ကလေးတစ်ယောက်မဟုတ်၍ အိမ်သို့ သတိတရ ပြန်လာခြင်းဖြစ်သည်။
ဟောလိုဝင်းလို ပိတ်ရက်တိုတိုလေးကို ပီတာက မိသားစုနှင့်သာ ကုန်ဆုံးချင်ပုံရသည်။
ကောလိပ်သွားတက်သည့် သားဖြစ်သူ ပြန်လာမည်ဖြစ်သဖြင့် ၀ီလ်ပျော်ရွှင်ဝမ်းသာမိသော်လည်း သူ့ရင်ထဲ၌ ပို၍ ကြီးမားသော အပူတို့က ကြီးစိုးထားသည်ဖြစ်ရာ ၀ီလ့်ခမြာ အပြည့်အ၀ မပျော်နိုင်ပေ။
သူ၏ အတွေးထဲ၌ ကြီးစိုးထားသော အတွေးများကိုလည်း ၀ီလ် ဖျောက်ပစ်ရန် မစွမ်းနိုင်ချေ။
" ဖေဖေရေ... ဖေဖေ... သား ဒီမှာဗျို့..."
ရထားဆိုက်သွားသည်ကိုပင် သတိမပြုမိလိုက်သော ၀ီလ်သည် ပီတာ့အသံကြားမှပင် အိပ်မက်မှနိုးလာသည့်အလား ဘေးဘီကြည့်မိသည်။
ခရီးဆောင်သေတ္တာကိုဆွဲကာ သူ့ထံ လာနေသော သားကိုတွေ့မှ ပြုံးလိုက်ပြီး လက်လှမ်းပြလိုက်ကာ သူ့သားထံ သွားလိုက်သည်။
ရက်သတ္တခြောက်ပတ်မျှ ခွဲခွာခဲ့ရသော သားအဖနှစ်ယောက် ခေတ္တမျှ ကြာသည်အထိ ပွေ့ဖက်နှုတ်ဆက်လိုက်ကြသည်။
ထို့နောက် ၀ီလ်၏ ကားရှိရာသို့ ပြန်လာခဲ့ကြသည်။
" ဖေဖေ့ကြည့်ရတာ တော်တော်အိုသွားသလိုပဲ..."
အပူများကြောင့် ၀ီလ် အိုစာသွားခြင်း ဖြစ်နိုင်ပါသည်။
" ခြောက်ပတ်ပဲ ရှိပါသေးတယ် ငါ့ကောင်ရာ..."
" အင်း... ဟုတ်တယ်လေ... အိုင်းစတိုင်းရဲ့ ရီလေတီဗတီသီအိုရီထဲကလိုပေါ့... ကျွန်တော့်အတွက် ခြောက်ပတ်.. ဖေဖေ့အတွက် ငါးနှစ်လောက်ပေါ့.. ဟဲဟဲ"
ပီတာက နောက်သည်။
" ငါ့သားက စာတော်တော် တတ်နေပြီပဲ..."
ကားနားသို့ ရောက်သောအခါ ၀ီလ်က ကားနောက်ဖုံးကို ဖွင့်လိုက်ပြီး ပီတာ၏ ခရီးဆောင်သေတ္တာကို မ တင်ရန် ပြင်လိုက်သည်။
ပီတာက တားသည်။
" ဟာ.. မလုပ်နဲ့ဖေဖေ.. အလေးကြီးရယ်... ခါးတွေဘာတွေ နာနေပါဦးမယ်.. သားဘာသာသား တင်လိုက်ပါ့မယ်..."
ပီတာက ပြောပြီး သူ့ခရီးဆောင်သေတ္တာကို သူ့ဘာသာ မ တင်လိုက်သည်။
" ညက နှုတ်ဆက်ပွဲလုပ်တာ ဘယ်လိုလဲဟေ့..."
" ဟားဟား... ဟုတ်ပါပြီဗျာ..."
ဝီလ်ကလည်း ကောလိပ်ကျောင်းသားဘ၀တွေ ဖြတ်သန်းခဲ့ဖူးသူမို့ သိနေပါသည်။
" သောက်တယ်... မူးတယ်... အန်တယ်ပေါ့ဗျ.. ဟဲဟဲ.."
" အင်း... ဟုတ်လှချည်လား..."
" မျက်နှာမှာ ခုထိပေါ်တုန်းမဟုတ်လား... ဟားဟား..."
" ကောင်မလေးတွေနဲ့ ပါတီပေးပြီး ပျော်ခဲ့တယ်ပေါ့..."
" အာ.. မဟုတ်ပါဘူး.. ဖေဖေပြောခဲ့တဲ့ ဆုံးမစကားအတိုင်းပေါ့ဗျာ.."
ပီတာ့စကားကို ကြားလိုက်ရသောအခါ ၀ီလ့်မျက်နှာ ချက်ချင်း ညှိုးကျသွားသည်။
ပီတာ ကောလိပ်မသွားခင် မှာကြားခဲ့သော မိမိ၏ ဆုံးမစကားများကို မိမိဘာသာ ပြန်လည်ကြားယောင်လာသည်။
ကောလိပ်ကျောင်းသားဘ၀ကို ဖြတ်သန်းခဲ့ဖူး၍ နားလည်ကြောင်း ပီတာ့ကို ၀ီလ်ပြောဖြစ်ခဲ့သည်။
သို့သော် မှာကြားလိုသည်က မိမိတွင် ညီမလေးများရှိကြောင်း မမေ့ဖို့၊ ကိုယ်ချင်းစာဖို့၊ လုပ်ရဲလျှင် တာဝန်ယူရဲဖို့နှင့် ယောက်ျားပီသသော ယောက်ျားတစ်ယောက်ဖြစ်စေဖို့ စသည်တို့ကို ပြောဖြစ်ခဲ့သည်။
ယခုတော့.. ယခုတော့..
မိမိသမီးလေးအန်နီသည် နှမသားချင်း မစာနာသော၊ ယောက်ျားမပီသသော ယောက်ျားတစ်ဦးနှင့်  တွေ့ကြုံခဲ့ရပြီးလေပြီ။
ဝီလ်က စဉ်းစားရင်း ၀မ်းနည်းမှုတို့ကြောင့် မျက်ရည်များ စို့တက်လာ၏။
" ဖေဖေ... ဖေဖေ ဘာဖြစ်နေတာလဲ.. ပြောပါ... သားကို ပြောပြပါ..."
သူ့အဖေ၏ မျက်နှာအရိပ်အကဲကို ကြည့်နေသော ပီတာက ၀ီလ့်ကို အတင်းမေးသည်။
မိသားစု၏အတွင်းကိစ္စကို သည်သားကိုမှ ရင်မဖွင့်ရလျှင် မည်သူ့ကို ၀ီလ် ရင်ဖွင့်ရပါမည်နည်း...။
ထိုနေ့ညတွင် ပီတာပြန်ရောက်လာသော အထိမ်းအမှတ်အနေဖြင့်ပါ သူတို့အိမ်၌ ဟောလိုးဝင်းပါတီပွဲ အသေးစားလေး ကျင်းပကြသည်။
ဟောလိုးဝင်းပါတီလေးဖြစ်သည့်အားလျော်စွာ ရွှေဖရုံသီးသရဲပုံများ၊ စက္ကူဖြူအရိုးခြောက်များ၊ စက္ကူအပိုင်းအစများဖြင့် အိမ်ကို ရှုပ်ပွနေအောင် ပြင်ဆင်လိုက်ကြသည်။
ဖိုးဖိုးနှင့်ဖွားဖွားရယ်၊ အန်တီနီကိုးတို့ရယ်လဲ အိမ်မှ စားစရာများ လုပ်လာပြီး ယူလာကြသည်။
ဖိုးဖိုးက ပန်းပွင့်နတ်ကလေးလို ၀တ်ဆင်ထားပြီး ဖွားဖွားက အလယ်ခေတ်စုန်းမကြီးလို ဦးထုပ်မည်းကြီးနှင့် ဖြစ်သည်။
အန်တီနီကိုးက ပန်ဒါဝက်ဝံနားရွက်များ တပ်လာသည်။
လင်းက ဒုတိယကမ္ဘာစစ် လေယာဉ်မှုးတစ်ယောက်လို ၀တ်ဆင်ထားပြီး ၀ီလ်က မှော်ဆရာကြီးလို ၀တ်ရုံနက်ကြီးနှင့် ဖြစ်သည်။
စကားဝိုင်းတွင် လူကြီးများ ပြင်ဆင်ပြီး၍ ထိုင်ပြီးကြသည်အထိ ကလေးများ ရောက်မလာကြသေးပေ။
အန်နီရောက်လာတော့ တီရှပ်အနီ၊ ရိုးရိုးဘောင်းဘီနှင့်သာဖြစ်ပြီး ဘာမှ ထူးထူးခြားခြား ၀တ်မလာပေ။
" ကလေးတွေ မလာကြသေးဘူးလား..."
ဖွားဖွားက ကြာနေသော ပီတာနှင့် ကေတီလေးတို့ မောင်နှမကို လှမ်းအော်သည်။
" ကလေးတွေ လာကြဟေ့.. စားစရာတွေအေးကုန်မယ်..."
လင်းက ထပ်ဆင့်အော်ပြန်သည်။
စားပွဲဝိုင်း၌ လူစုံနေကြပြီဖြစ်သည်။
" လာပြီဗျို့.."
ပီတာတို့မောင်နှမနှစ်ယောက် ရောက်လာသောအခါ ပီတာက သမ္မတအိုဘားမားမျက်နှာဖုံးကြီးစွပ်ထားပြီး ကေတီလေးက ပင်ဂွင်းဝတ်စုံလေးနှင့်ဖြစ်သည်။
" အားဟား..."
" မိုက်တယ်ဟေ့.."
တစ်မိသားစုလုံးက ပျော်ရွှင်စွာ လက်ခုပ်လက်ဝါးတီးပြီး သြဘာပေးကြသည်။
မောင်နှမနှစ်ယောက်က စားပွဲဝိုင်းတွင် ၀င်ထိုင်လိုက်ကြသည်။
ကေတီလေးက အဖေနှင့်အမေကြားထဲတွင် ၀င်ထိုင်ပြီး ပီတာက အမေနှင့် အန်နီကြားတွင် ၀င်ထိုင်လိုက်သည်။
" မင်းမျက်နှာဖုံးကြီးက ကြောက်ဖို့ ကောင်းလှချည်လားပီတာရ.."
ဝီလ်က စားစရာများ ပန်းကန်ထဲထည့်ရင်း ပြောလိုက်သည်။
" ဒါဖိုးဖိုးကို လက်ဆောင်ပေးဖို့ ၀ယ်လာတာ.."
ပီတာက မျက်နှာဖုံးကို ချွတ်ရင်း သူ့အဖိုးကို နောက်ပြောင်လိုက်သည်။
" တော်စမ်းပါကွာ... အဲဒီကောင်က ဆိုရှယ်လစ်ကွ.."
ဖိုးဖိုးက သူ့ကိုယ်သူ ဒီမိုကရက်တစ်ဟု ဂုဏ်ယူသူဖြစ်သည်။
" အန်နီကရော ဘာမှ မ၀တ်ဘူးလား.."
အန်နီ့နားတွင် ထိုင်နေသော အန်တီနီကိုးက မေးသည်။
" ဒါပဲလေ.."
အန်နီက တီရှပ်အနီကို ကိုင်ပြရင်း ပြောသည်။
" မမက ပင်ဂွင်းလို ၀တ်ပါဆို မ၀တ်ဘူး... ပင်ဂွင်းနဲ့ဆို မမက လိုက်မှာ..."
ကေတီလေးက သူ့မမကို မကျေမနပ်ဟန်လေးဖြင့် ပြောသည်။
" မ၀တ်ရင် မမကို မလာခိုင်းဘူးလား..."
" မဟုတ်ပါဘူး... လာလို့ ရပါတယ်..."
ကေတီလေးက ပြန်ဖြေသည်။
" ဆောရီးနော်အန်နီ.. ကိုကြီး မေးလ်များများ မပို့ဖြစ်ခဲ့ဘူး... ကောလိပ်မှာက အလုပ်တအားရှုပ်တယ်လေ..."
ပီတာက အန်နီ့ကို ပြောသည်။
" ရပါတယ် ကိုကြီးရဲ့... ပြဿနာမရှိပါဘူး..."
" မဟုတ်ဘူး... ကိုကြီး မေးလ်တွေ မှန်မှန်ပို့ခဲ့သင့်တယ်လေ... ညီမလေးဆီက မေးတွေလဲ အမြဲ စစ်နေသင့်တယ်..."
အန်နီက နားမလည်သလို ပြန်ကြည့်သည်။
" ကိုကြီး ညီမလေးကို ချစ်တယ်ဆိုတာ ညီမလေးသိပါတယ်နော်..."
ပီတာက အန်နီ့လက်ကို ဆုပ်ကိုင်ပြီး ပြောလိုက်သည်။
ပီတာ့စကားလုံးများ ထူးခြားနေကြောင်း အန်နီသတိထားမိလိုက်သည်။
" ဟုတ်တယ်မဟုတ်လား..."
ပီတာက ထပ်မေးသည်။
ပီတာဆုပ်ကိုင်ထားသောလက်ကို အန်နီက ဆွဲနှုတ်လိုက်သည်။
အန်နီ သဘောပေါက်လိုက်သည်။
ဝီလ်က ပီတာ့ကို အန်နီ့အကြောင်းများ ပြောထားပြီမှန်း အန်နီသဘောပေါက်လိုက်သည်။
ပီတာ့ကို မသိစေချင်၍ မပြောပြရန် အတန်တန် တောင်းပန်ထားသည့်ကြားမှ...။
အန်နီက မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ၀ီလ့်ကို မကျေမနပ်လှမ်းကြည့်လိုက်သောအခါ ၀ီလ်ကတော့ ဘာမှ မသိသလိုပင် စားစရာများကို ငုံ့စားနေသည်။
" ကလေးတွေ... ငါနဲ့နင်တို့အဖိုး ဟောလိုးဝင်းပါတီမှာ ဘယ်လိုဆုံခဲ့ကြလဲဆိုတာ သိကြလားဟေ့..."
ဖွားဖွားက လူစုံတိုင်း ထိုအကြောင်းကို အမြဲပြောတတ်သည်။
" သူက သမန်းဝံပုလွေရုပ်ကြီးဘေးနားမှာ ရပ်ပြီး ဓာတ်ပုံရိုက်ပေးဖို့ ဖွားဖွားကို အကူအညီတောင်းတယ်..."
" ဟာ... မင်းကလဲ ဒါပဲပြောနေ... သူတို့ သိပြီးသားတွေပါကွာ..."
ဖိုးဖိုးက မပြောစေလိုသဖြင့် ပိတ်သည်။
" မသိဘူး... မသိကြသေးဘူး..."
လင်းက ထအော်သည်။
" အေး.. ပြောပြမယ်ဟေ့.. သူက သမန်းဝံပုလွေရုပ်ကြီးဘေးနား ဟန်ပါပါနဲ့ရပ်ပြီး ငါ့ကို စတိုင်ပေးနေတာပေါ့အေ... အဲဒီအရုပ်ကြီးထဲမှာ လူရှိနေတာ သူမသိဘူး... အဲဒီအရုပ်ကြီးက သူ့ကို ဆတ်ခနဲ ကောက်ကိုင်ပြီး မြှောက်လဲ မြှောက်လိုက်ရော ညည်းတို့အဖိုးက ကြောက်ပြီးအော်လိုက်တာအေ... ကောင်မလေးကျနေတာပဲ..."
တစ်ဝိုင်းလုံးပျော်ရွှင်စွာ ရယ်မောမိကြသည်။
" မအော်ပါဘူးကွာ.."
ဖိုးဖိုးက ရှက်ရှက်နှင့် ငြင်းသည်။
" အော်ပါတယ်ရှင်..."
ဖွားဖွားက ရယ်မောရင်း ပြန်ပြောသည်။
" ဒါနဲ့အန်နီ... ဖွားဖွားလုပ်လာတဲ့ အသားချောင်းတွေ အေးနေပြီလား... ဖွားဖွားအန်နီ့အတွက် လုပ်လာတာ..."
" အင်း... ကောင်းပါတယ်ဖွားဖွား..."
" အန်နီ.. အန်တီလုပ်လာတဲ့ အာလူးအချိုပေါင်းကြော်လေး စားကြည့်ပါဦး... အလန်းလုပ်လာတာ.."
အန်တီနီကိုးက သူမလုပ်လာသော အာလူးအချိုပေါင်းပန်းကန်ကို အန်နီ့အား လှမ်းပေးသည်။
အနနီ့စိတ်ထဲ တစ်ဝိုင်းလုံးက သူမကို ၀ိုင်းဂရုစိုက်နေသလို ခံစားနေရသည်။
အန်နီက ပန်းကန်ကို မယူချင်ယူချင်လှမ်းယူလိုက်ပြီး သူမပန်းကန်ထဲ အားလူးတစ်တုံး ကောက်ထည့်လိုက်သည်။
" ဟုတ်တယ်... သမီးအန်တီနီကိုးက အဲဒါလုပ်တာ တအားကောင်းတာ... ကြိုက်သွားစေရမယ်..."
ဖွားဖွားက ပြောပြန်သည်။
" တဆိတ်လောက် ဂရုစိုက်လွန်နေတယ်လို့ မထင်ကြဘူးလား..."
အန်နီက စိတ်အချဉ်ပေါက်စွာ ပြောလိုက်သည်။
ဝိုင်းက ချက်ချင်းဆိုသလို တိတ်ဆိတ်သွားသည်။
ဘယ်သူမှ ဘာဆက်ပြောလို့ ပြောရမည်မှန်း မသိတော့။
" ဒါနဲ့ ပီတာ.. ကောင်မလေးတွေ ဘာတွေ ရနေပြီလားကွ..."
ဖိုးဖိုးက ၀ိုင်းကို ပြန်ထိန်းရန် ကြိုးစားလိုက်သည်။
" အာ... ဖိုးဖိုးကလဲ.. လုံးဝလုံးဝ မရသေးပါဘူး..."
ပီတာက ရယ်ဖြဲဖြဲနှင့် ပြန်ဖြေသည်။
" တစ်ယောက်တော့ တွေ့ထားတယ်.. သူက လုံးဝ DGပဲ..."
DG ဆိုသည်မှာ ဘုရားပေးသော ကျက်သရေအလှနှင့် ပြည့်စုံသူဟု ဆိုလိုခြင်းဖြစ်သည်။
" ဒါပေမယ့်.. ဟိုလေ .. ကျွန်တော်တို့က လုံးဝသူငယ်ချင်းအဆင့်ပါ..."
" အင်း.."
" သူက ပြေးခုန်ပစ်မှာတော့ ဆရာပဲ... တင်းနစ်နဲ့ လာခရော့စ်လဲ ဆော့တယ်..."
ပီတာက ပြောရင်း အန်နီ့ဘက်လှည့်လိုက်သည်။
" အန်နီ... ညီမလေး သူ့ကို သဘောကျမှာ သေချာတယ်.. သိလား.."
" အင်း...ဟုတ်လား.."
" အင်း... ဒါပေမယ့်ဟာ.. သူနဲ့က ရည်းစားလဲ မဟုတ်သေးဘူး.. ဘာဆိုဘာမှ မဟုတ်သေးပါဘူး.. လက်ကလေးကိုင်ဖို့တောင် မနည်းကြိုးစားနေရတုန်းပဲ.."
" ဒါပေါ့..ဒါပေါ့.."
" အင်း... မဆိုးပါဘူး..."
တစ်မိသားစုလုံးက ခေါင်းတညိတ်ညိတ်ဖြင့် နားထောင်နေကြသည်။
" ကိုကြီး... ကိုကြီး ရည်းစားထားလဲ ဘာမှမဖြစ်ပါဘူး.. ထားပါ.."
အန်နီက ပြောလိုက်သည်။
" ဟမ်..."
" အဲဒါက လူတစ်ယောက်အတွက် ပုံမှန်အနေအထားပါပဲ... ဟုတ်တယ်မဟုတ်လား ဖေဖေ..."
အန်နီက စကားလမ်းကြောင်းထဲ ၀ီလ့်ကို ဆွဲသွင်းလိုက်သည်။
" သမီး ဘာကိုဆိုလိုတာလဲ ဖေဖေ နားမလည်ဘူး..."
" နားမလည်ဘူး... ဟုတ်လား... ကိုကြီးတို့ တူတူအိပ်ပြီးကြပြီလား.."
" ဘာ... အန်နီ..."
အန်နီ၏ မမေးသင့်သော မေးခွန်းကြောင့် ပီတာက သံပြတ်ဖြင့် ဟန့်တားလိုက်သည်။
" ဘယ်လိုလဲ... အပေးအယူ အဆင်ပြေရဲ့လား..."
" သမီး... တော်သင့်ပြီနော်..."
ဝီလ်က မနေနိုင်တော့ဘဲ ၀င်ရောက်ဟန့်တားရတော့သည်။
" ဘာလဲ... ဖေဖေကျတော့ လူတိုင်းကို အန်နီ့အကြောင်းတွေ လျှောက်ပြောတယ်.. ဘယ်သူနဲ့ ဘယ်လို အိပ်ခဲ့တာက အစ... သမီးကျ ကိုကြီးကို မေးခွင့်မရှိဘူးပေါ့... ဟုတ်လား..."
အန်နီ့အသံတို့က တဖြည်းဖြည်း ကျယ်လောင်လာသည်။
မိသားစုဝိုင်းလည်း နှုတ်ဆိတ်ရချေပြီ...။
" ကိုကြီးကို လုံးဝမပြောပါနဲ့လို့ ဖေဖေ့ကို တောင်းပန်ခဲ့တယ်... အဲဒါ အန်နီ တောင်းဆိုခဲ့တဲ့ တစ်ခုတည်းသောအရာပါ... ခုတော့... ကျေးဇူးတင်ပါတယ်ဖေဖေ..."
အန်နီက ရွဲ့ပြောလိုက်ပြီးနောက် ထိုင်ရာမှ ထကာ ထွက်သွားလေသည်။
" ပျော်ရွှင်ကြပါစေ..."
" နေ.. နေပါဦး သမီးလေးရယ်..."
လင်းက အန်နီ့လက်ကို လှမ်းဆွဲကာ တားသည်။
" လွှတ်.."
အန်နီက ရုန်းပြီး ထွက်သွားလေသည်။
မိသားစု ခဏတာတွေ့ဆုံသည့် ဟောလိုးဝင်းပါတီလေးသည် နှုတ်ဆိတ်ကွဲကြေကာ ကျန်ရစ်ခဲ့ရလေသည်။
လပိုင်းမျှသာ ကွာခြားသော်လည်း အန်နီ၏ ၁၄နှစ်ပြည့်မွေးနေ့ပွဲကဲ့သို့သော မိသားစုဆုံဆည်းခဲ့သည့် ပွဲမျိုးနှင့်ကား အခြားနားကြီး ခြားနားခဲ့ချေပြီတကား။
ပီတာ ပြန်သွားသောည၌ ၀ီလ်တို့အိမ်သို့ အေးဂျင့်ဒေါက်တိတ် ရောက်လာသည်။
ကေတီလေးကို သူမ၏အခန်းထဲ၌ အိပ်ပျော်စေပြီးနောက် ၀ီလ်၊ လင်းနှင့် အန်နီတို့ကို ဧည့်ခန်းတွင်း၌ တိတ်က စုစည်းစေလိုက်သည်။
တိတ် အဓိက တွေ့ဆုံချင်သည်မှာ အန်နီဖြစ်သည်။
" ဒီလိုပါ.. ကျွန်တော်တို့ နိုင်ငံတော်အချက်အလက်အရင်းအမြစ်ဌာနမှာ DNAတွေ စစ်ဆေးပြီးပါပြီ... နောက်ဆုံးမှာ ကိုက်ညီတဲ့ အဖြေတစ်ခုရခဲ့ပါတယ်..."
တိတ်က ရှင်းပြသည်။
" ကောင်းတာပေါ့..."
လင်းက ပြောသည်။
" ဒါဆို.. ဒါဆို ခင်ဗျားတို့ သူ့ကို ဖမ်းမိပြီပေါ့..."
ဝီလ်က စိတ်လှုပ်ရှားစွာ မေးသည်။
အန်နီလည်း စိတ်လှုပ်ရှားနေသည်။ ချာလီကို ဖမ်းမိသွားကြပြီလား..။
" အဲဒီလောက်တော့ မလွယ်သေးပါဘူးဗျာ... တရားခံဟာ ဂျွန်ဒိုးဆိုသူဖြစ်တယ် ဆိုတဲ့ နာမည်တစ်ခုကိုပဲ သိရသေးတာပါ... အဲဒါဘယ်သူလဲ ဆိုတာတော့ မသိရသေးပါဘူး..."
" ဘယ်လိုဗျ... နားမလည်ဘူးဗျာ..."
" ဒီလိုပါ ၀ီလ်... ကျွန်တော်တို့မှာ အဲဒီလူနဲ့ ပတ်သက်တဲ့ တခြားအမှုသုံးမှုကိုလဲ တွေ့ရပါတယ်... မုဒိမ်းမှုတွေပဲ ဆိုပါတော့ဗျာ... အဲဒီအမှုတွေထဲက သားကောင်မိန်းကလေးတွေနဲ့ အခင်းနေရာတွေက ရတဲ့ DNAဟာ အခု DNAနဲ့ တစ်ထပ်တည်းဖြစ်တယ်လို့ပဲ အတည်ပြုနိုင်သေးတာပါ... ဒါပေမယ့် ဘယ်သူဘယ်ဝါ လူပုဂ္ဂိုလ်အစစ်ကို မဖော်ထုတ်နိုင်သေးပါဘူး..."
" ဒါဖြင့် ဒီကောင်က အရင်ကလဲ ကျူးလွန်ခဲ့တယ်ပေါ့..."
" ဟုတ်ကဲ့..."
" ဘုရားရေ..."
လင်းက ဘုရားတမိလိုက်သည်။
အန်နီလဲ ရင်ထဲမှာ ဘုရားတမိလေသည်။
" သူ့မှာ အရင်က ရည်းစားတွေရှိခဲ့ဖူးတယ်လို့ အန်နီ့ကို ပြောဖူးပါတယ်..."
အန်နီက အကာအကွယ်ပေးလိုသည့်ဟန်ဖြင့် ၀င်ပြောသည်။
" ဒါ မိန်းကလေးရည်းစားပုံစံတွေ မဟုတ်ပါဘူးအန်နီ.. အရွယ်မရောက်သေးတဲ့ကလေးတွေပါ... မုဒိမ်းမှုမြောက်တဲ့ ကလေးသူငယ်ကို လိမ်လည်ကာမရယူမှုတွေပါ အန်နီ.."
" မဟုတ်လောက်ပါဘူး... DNAမှားတာလဲ ဖြစ်နိုင်တာပဲလေ..."
အန်နီက မယုံကြည်နိုင်စွာ ပြောသည်။
" DNAဆိုတာ တစ်ခုထဲမဟုတ်ဘူးအန်နီ... သန်းရာချီပြီး ရှိတာ.. စစ်ခဲ့တာပါ... သေချာတာက ဒီလူဟာ တစ်ယောက်တည်းပါ..."
တိတ်က ရှင်းပြသည်။
အန်နီ ငြိမ်ကျသွားသည်။
" ကဲ... လာရခြင်းအကြောင်း ပြောပါမယ်... ဒီအမှုက ပုံမှန်လို မဟုတ်ပါဘူး... ကျွန်တော်တို့အနေနဲ့ သားကောင်ဖြစ်ခဲ့ရတဲ့ မိန်းကလေးတွေရဲ့ အချက်အလက်နဲ့ ပတ်သက်လို့ အရမ်းဂရုစိုက်ရပါတယ်... ဒါပေမယ့် ကျွန်တော်ယူဆမိတာက သားကောင်ဖြစ်ခဲ့ရတဲ့ မိန်းကလေး လေးယောက်ဟာ တစ်နည်းနည်းနဲ့များ ဆက်နွယ်နိုင်မှု ရှိနိုင်မလားပေါ့လေ..."
တိတ်က ပြောရင်း အိတ်ထဲမှ ဖိုင်တစ်ခု ဆွဲထုတ်လိုက်သည်။
" ဖြစ်နိုင်တာက ကမ့်တစ်ခုခုမှာ အတူတူ နေခဲ့ကြဖူးသလား... ဒါမှမဟုတ် mallတစ်ခုခုမှာ shoppingထွက်ရင်း တွေ့ခဲ့ကြဖူးသလားပေါ့... ကျွန်တော် သူတို့ရဲ့နာမည်တွေကိုတော့ ပြောမပြနိုင်ပါဘူး... ဒါပေမယ့် သူတို့ရဲ့ ဓာတ်ပုံတွေကိုကြည့်ပြီး အန်နီ သိမသိတော့ ပြောပြပေးစေချင်တယ်..."
တိတ်က ပြောသည်။
" နေ.. နေပါဦးရှင်... ကျွန်မကတော့ ဒါဟာ အကြံဥာဏ်ကောင်းတစ်ခု မဟုတ်ဘူးလို့ ထင်တယ်..."
လင်းက ၀င်ပြောသည်။
" မဟုတ်ဘူး... အန်နီကြည့်မယ်... အန်နီကြည့်ကြည့်ချင်တယ်..."
" ကောင်းပြီအန်နီ... ဒီမိန်းကလေးတွေကို သိမသိ ကြည့်ပေးပါ..."
တိတ်က ဓာတ်ပုံတစ်ပုံကို ဦးစွာထုတ်ပြီး ပြသည်။
" ဒီမိန်းကလေးက ကလိဗ်လန်းကပါ... အသက် ၁၅နှစ်ပဲ ရှိပါသေးတယ်..."
အန်နီက ဓာတ်ပုံကို ကြည့်လိုက်သည်။ ထိုမိန်းကလေးကို အန်နီ မသိပါ။
" ဟင့်အင်း... မသိပါဘူး..."
" ကောင်းပြီ..."
တိတ်က နောက်ထပ် ဓာတ်ပုံတစ်ပုံ ထပ်ထုတ်ပြပြန်သည်။
" ဒီမိန်းကလေးက မီလ်ဝေါကီးကပါ.. သူက အသက်၁၄နှစ်ပါ..."
အန်နီက ခေါင်းခါပြပြန်သည်။
တိတ်က နောက်ဆုံးဓာတ်ပုံကို ထုတ်လိုက်သည်။
" ဒီမိန်းကလေးက စိန့်လူးဝစ်မှာ လွန်ခဲ့တဲ့ ခုနစ်လတုန်းက အနိုင်ကျင့်ခံခဲ့ရတာပါ..."
တိတ်က ဓာတ်ပုံကို စိတ်မသက်သာစွာ ပြလိုက်သည်။
ဖြူစင်နုနယ်လွန်းလှသော မိန်းကလေးငယ်တစ်ယောက်၏ ဓာတ်ပုံ..။
" သူက အသက်၁၂နှစ်ပဲ ရှိပါသေးတယ်ဗျာ..."
" ရှင်... ဘုရား..ဘုရား.."
လင်းက သူမ၏ပါးစပ်ကို လက်နှင့်ပိတ်လိုက်ရင်း ဘုရားတမိလိုက်လေသည်။
လူမဆန်လွန်းလှပါလား..။
အသက်၁၂နှစ်အရွယ်သာရှိသေးသည့် မိန်းကလေးတစ်ယောက်ကိုမှ သည်လိုမျိုး...။
ဓာတ်ပုံကိုကြည့်ရင်း အန်နီ့ရင်ထဲ ဆို့တက်လာသည်။
ခေါင်းတွေ မူးဝေလာသည်။
" အန်နီ.. အန်နီ သူ့ကိုလဲ မသိပါဘူး.."
" ကောင်းပါပြီ.. အန်နီ... ခုလို အချိန်ကုန်ခံပေးလို့ ကျေးဇူးတင်ပါတယ်.."
အန်နီ ထိုင်နေရာမှ ထလိုက်သည်။
" သမီး.."
လင်းက စိုးရိမ်တကြီး မေးသည်။
" ရပါတယ်.. ဘာမှမဖြစ်ဘူး.. သမီးကို အချိန်နည်းနည်းလေး ပေးပေးပါ..."
အန်နီ ပြေးထွက်သွားသည်။
သူမ စိတ်တည်ငြိမ်စေဖို့ လွှတ်ထားပေးလိုက်ရန် မိဘများက ဆုံးဖြတ်လိုက်သည်။
" ဒါဆို ဒီကောင့်ကို ခင်ဗျားတို့လိုက်နေတာ ကြာပြီပေါ့.."
" ဟုတ်ပါတယ်ဗျာ.."
တိတ်က နှစ်သိမ့်ဖို့ ကြိုးစားသင့်ကြောင်း ယူဆလိုက်သည်။
" ကျွန်တော်တို့ ပိုများတဲ့ သတင်းအချက်အလက်တွေ ရလိုက်တာဟာ တရားခံရဲ့ ရုပ်လုံးက ပိုပေါ်လာတာပါပဲ... စုံစမ်းထောက်မှုတွေ ပိုပြီး ထိရောက်လာမှာပါ..."
" ခုနက ၁၂နှစ်သမီးလေးရဲ့ မိဘတွေကိုလည်း စိန့်လူးဝစ်က အေးဂျင့်က ဒီစကားတွေပဲ ပြောခဲ့မှာကို ကျွန်တော်သိပါတယ်..."
" ခင်ဗျားရဲ့ ခံစားချက်ကို ကျွန်တော်နားလည်ပါတယ်ဝ်ီလ်.. ကျွန်တော့်မှာ ရှိသမျှအင်အားကို အတတ်နိုင်ဆုံး ထုတ်သုံးပြီး လုပ်သွားမှာပါ..."
" ဟုတ်ပါတယ်... ဒါပေမယ့် မလုံလောက်ဘူးလေ... စုံစမ်းနေတုန်းကာလမှာတင် ဒီယုတ်မာရိုင်းစိုင်းတဲ့ မုဒိမ်းကောင်က တခြားအပြစ်မဲ့မိန်းကလေးတွေကို ဒုက္ခပေးနေဦးမှာပဲ..."
" အဲဒီလို မတွေးပါနဲ့ဝီလ်... ကျွန်တော်တို့ လုပ်လို့ရသမျှ အကုန်လုပ်သွားမှာပါ..."
သူတို့ အခြေအတင်စကားပြောနေကြခိုက် အန်နီ အိမ်ပြင်သို့ ထွက်သွားသည်ကို မည်သူမျှ မသိလိုက်ပေ။
ညကြီးမင်းကြီးဆေးရုံမှ ဂေးလ်ထံ ဖုန်းလှမ်းဆက်သဖြင့် အမြန်လာခဲ့ရသည်။
လူနာတစ်ယောက်ရောက်လာပြီး တွေ့ခင့်တောင်းနေကြောင်း ဆေးရုံမှ ဖုန်းလှမ်းဆက်၍ ဖြစ်သည်။
ထိုလူနာသည် အန်နီဖြစ်ပါသည်။
ချာလီ့အကြောင်းတွေ သူမ သိရပြီးပြီးချင်း အိမ်မှ အပြေးထွက်လာခဲ့မိသည်။
မမျှော်လင့်ထားသောအရာကို ကြားသိလိုက်ရခြင်းသည် သူမကို ရှော့ခ်ရသွားစေသည်။
စက်ဘီးကို ယူကာ သူထွက်လာခဲ့သည်။
ကားလမ်းတစ်လျှောက် သူ စက်ဘီးကို ဦးတည်ရာမဲ့ နင်းနေမိသည်။
အတတ်နိုင်ဆုံး၊ အမြန်ဆုံး ဖိနင်းသည်။
သူမဘယ်ကို သွားရမည်မှန်း သူမကိုယ်တိုင်မသိပါ။
နောက်ဆုံး စက်ဘီးသည် ဆေးရုံသို့ ရောက်လာခဲ့ပြီး သူမ ဆေးရုံထဲဝင်မိသွားပြီး ဂေးလ်ကို တွေ့ချင်ကြောင်း ပြောလိုက်ခြင်းဖြစ်သည်။
ဆေးရုံဧည့်သည်နားနေခန်းထဲ၌ အန်နီ ငူငူကြီးထိုင်နေမိစဉ် ဂေးလ်က အပြေးအလွှားရောက်လာသည်။
" ဘာဖြစ်လို့လဲ သမီး.. လာ.. ရုံးခန်းထဲ သွားရအောင်..."
စက်ဘီးကို အသားကုန်နင်းလာခဲ့သဖြင့် မောပန်းနေမှုကြောင့်လည်းကောင်း၊ ၀မ်းနည်းစိတ်၊ တုန်လှုပ်စိတ်၊ နာကျဉ်းစိတ်နှင့် ငိုကြွေးလိုမှုတို့ကြောင့်လည်းကောင်း အန်နီ့မျက်နှာတစ်ပြင်လုံး နီရဲလျက်ရှိသည်။
ရုံးခန်းထဲ ရောက်သောအခါ ဂေးလ်က ကုတ်ကို ချွတ်ပြီး စားပွဲပေါ်တင်လိုက်သည်။
" ဘာဖြစ်လာတာလဲသမီး.. တစ်ခုခုသောက်ချင်လား.. ရေသောက်မလား..."
ဂေးလ်က အလောတကြီး မေးလိုက်သည်။
" တခြားကောင်မလေးတွေ ရှိခဲ့တယ်..."
အန်နီက ထိုင်တောင် မထိုင်နိုင်ဘဲ အဆက်အစပ်မရှိ ပြောချလိုက်သည်။
" ဘာတခြားကောင်မလေးတွေလဲ.. ဘာကို ဆိုလိုတာလဲ သမီး.."
" ချာလီ.. ချာလီလေ... သူ့မှာ အရင်ကလဲ ကောင်မလေးတွေရှိခဲ့တယ်... သုံးယောက်တောင်..."
အန်နီ့အသံတို့က နာကျင်ကြေကွဲနေသည်။
" သမီးလိုပဲ သူ အရင်က လိမ်ညာခဲ့တဲ့သူတွေ ရှိခဲ့တယ်လို့ ဆိုလိုတာလားအန်နီ.."
ဂေးလ်က ကောင်းစွာ သဘောမပေါက်သေးပေ။
" သူပြောခဲ့တယ်.. အန်နီက သူ့အတွက် အထူးလက်ဆောင်ပါတဲ့... အန်နီက သူ့အတွက် တစ်ယောက်တည်းသော သူပါတဲ့... ခုတော့.. ခုတော့.. တခြားကောင်မလေးတွေ ပေါ်လာတယ်... သူတို့... သူတို့က အဲဒီလောက်လဲ မလှပါဘူး..."
" အဲဒီတော့ ဘာဖြစ်လဲ အန်နီ... အန်တီ့ကို ပြောစမ်း.."
စိတ်မတည်မငြိမ် ကယောင်ခြောက်ခြားဟန်ဖြင့် စကားလုံးများကိုသာ တတွတ်တွတ်ရွတ်နေသလို ဖြစ်နေသော အန်နီ့ကို ဂေးလ်က ခပ်ဆတ်ဆတ်မေးလိုက်သည်။
" မဟုတ်ဘူး.. မဟုတ်ဘူး..."
" အဲဒါ ဘာဖြစ်လဲလို့.. ပြောလေ..."
" ဘာဖြစ်လဲဆိုတော့... ဘာဖြစ်လဲဆိုတော့.. သူတို့လည်း အန်နီ့လို ဖြစ်ခဲ့ကြလို့ပေါ့..."
ပြောနေရင်း အန်နီ့ပါးပြင်ပေါ် မျက်ရည်များ လှိမ့်ဆင်းလာသည်။
" သူက ပြောခဲ့တယ်.. အန်နီက လှတယ်တဲ့... ဘာတွေဖြစ်ခဲ့ရတာလဲ... အန်နီ.. အန်နီ.. ဘာတွေမှားခဲ့လို့လဲ.."
" ဘာတွေမှားခဲ့တယ်လို့ ထင်နေလို့လဲ ကလေးရယ်..."
" သူက.. သူက အန်နီ့ကို လိမ်ခဲ့သလို တခြားကောင်မလေးတွေကိုလဲ လိမ်ခဲ့တယ်... သူ.. သူ အန်နီ့ကို လုံးဝချစ်ခဲ့တာမဟုတ်ဘူး.. သူလိမ်ခဲ့တာ.. အန်နီ့ဆီက.. အန်နီ့ဆီက... သူလိုချင်ခဲ့တာ အန်နီနဲ့ အိပ်ဖို့တစ်ခုတည်းပဲ.."
ရပ်တည်ဖို့ မစွမ်းနိုင်တော့သဖြင့် နံရံကို မှီရပ်ရင်းက အန်နီ ရှိုက်ကြီးတငင် ငိုကြွေးနေမိသည်။
ထို့နောက် ကြမ်းပြင်ပေါ် ထိုင်ချလိုက်မိလေသည်။
" ကလေးရယ်..."
" သူ.. သူ.. အန်နီ့ကို ချစ်လို့ တောင်းဆိုခဲ့တာ မဟုတ်ဘူး.. မုဒိမ်းကျင့်ခဲ့တာ.. လိမ်ညာခဲ့တာ.."
အန်နီ့မျက်နှာလေး မျက်ရည်များဖြင့် ရွှဲနစ်နေလေပြီ..။
" အန်နီက တုံးအခဲ့တာ... ရူးမိုက်ခဲ့တာ.. သူလိုချင်တာက တစ်ခုထဲ.."
အန်နီ ဆောက်တည်ရာမရ ဖြစ်နေလေသည်။
" အန်နီ.. အန်နီ.. ဘာအပြစ်တွေများ ကျူးလွန်ခဲ့မိလို့လဲ.."
" ကလေးရယ်..."
ရှိုက်ကြီးတငင် ငိုကြွေးနေသော အန်နီ့အား ဂေးလ်က တင်းကြပ်စွာ ဖက်ထားလိုက်လေသည်။
မိနစ်အနည်းငယ်ခန့်အကြာတွင် ၀ီလ်နှင့်လင်းတို့ ဆေးရုံသို့ အမောတကောရောက်လာကြသည်။
အန်နီပျောက်သွားသဖြင့် ဂေးလ်ထံများ ရောက်လာလေမလားဟု တွေးကာ လာခဲ့ကြခြင်းဖြစ်သည်။
ဂေးလ်၏ရုံးခန်းထဲတွင် အန်နီ့ကို တွေ့လိုက်ရမှ မိဘများ စိတ်သက်သာရာ ရသွားကြလေသည်။
ထို့နောက် သူတို့ သမီးလေးအန်နီကို အိမ်သို့ ပြန်ခေါ်လာခဲ့ကြသည်။
အိမ်အပြန်လမ်းတစ်လျှောက်လုံး သားအမိ၊ သားအဖသုံးယောက် စကားတစ်ခွန်းမျှ မပြောဖြစ်ကြဘဲ တိတ်ဆိတ်စွာ ပြန်လာခဲ့ကြသည်။
အိမ်ပြန်ရောက်သည်အထိ အန်နီမှာ မတည်ငြိမ်နိုင်သေးပေ။
လင်းခမြာ အန်နီအိပ်ပျော်နိုင်စေရန် အစွမ်းကုန် ကြိုးစားလိုက်ရသည်။
နောက်ဆုံးတော့ အန်နီ အိပ်ပျော်သွားခဲ့ပါသည်။
အန်နီအိပ်ပျော်သွားသောအခါမှ လင်းသည် အပေါ်ထပ်မှ ဆင်းလာခဲ့သည်။
ဤမျှ စိတ်ထိခိုက်ခံစားနေရသော အန်နီ့ကို လင်း တစ်ခါဖူးမျှ မတွေ့မြင်ခဲ့ရဖူးပါ။
သမီးလေးအန်နီ့အတွက် လင်း အင်မတန် စိုးရိမ်ဝမ်းနည်းမိသည်။
အိမ်အောက်ထပ်ရောက်သောအခါ စာကြည့်ခန်းထဲတွင် ထိုင်နေသော ၀ီလ့်ကို တွေ့လိုက်ရသည်။
" ၀ီလ်.. သမီးတော့ အိပ်ပျော်သွားပြီ.."
ဝီလ်ရှိရာသို့ သွားကာ ၀ီလ့်ကို ပြောလိုက်သည်။
" ဒီကောင်က တကယ့်မုဒိမ်းကောင်ပဲကွာ.."
ဝီလ်က စာရွက်များ၊ စာအုပ်များကိုကြည့်နေရင်းက ပြောသည်။
" ၀ီလ်... ကျွန်မ အန်နီ့အတွက် အရမ်းစိတ်ပူတယ်.. သူ ဒီလိုမျိုးဖြစ်တာ လုံးဝမတွေ့ဖူးဘူး..."
လင်းက ငိုသံတစ်ဝက်နှင့် ပြောသည်။
" ဟိုလူက သူ့ကို အလုံးစုံ ဖျက်ဆီးပစ်လိုက်တာ..."
ဝီလ်က ဘာမျှ ပြန်မပြော..။
သူ့ရှေ့မှ စာအုပ်ပုံကြီးကိုသာ ငေးစိုက်ကြည့်နေသည်။
ဝီလ် တလောက ကော်ပီကူးယူထားခဲ့သော chatting မှတ်တမ်းစာအုပ်များ ဖြစ်သည်။
လင်းက ၀ီလ့်ကို ကြည့်ပြီး စိတ်ပျက်သွားကာ စားပွဲနားသို့သွား၍ စာအုပ်ကို ဆွဲယူပစ်ချလိုက်သည်။
" တော်ပါတော့ရှင်... ခုချိန်ထိ ဒါတွေပဲ လုပ်နေတုန်းလား.."
" ဟ.. မင်း ဘာလုပ်တာလဲကွ.."
" ဟင်... ရှင်ကရော ဘာလုပ်နေတာလဲ.. ရှင်က ဒီမှာ ထိုင်နေတယ်လေ... တကယ်တမ်းဆို ရှင်က အန်နီ့ဘေးနားမှာ ရှိနေပေးရမှာ.. ရှင့်စိတ်ထဲ ရှင့်သမီးထက် ဒီလူ့ကို ဖမ်းမိဖို့က ပိုအရေးကြီးနေတာလား... ဒီလိုလုပ်နေလို့ အန်နီ့အတွက် ပိုကောင်းလာမယ် ထင်နေလား.."
" အေး.. မင်းပြောတာ ဟုတ်ပါတယ်.. ဒါပေမယ့် ဒီလိုလုပ်နေတာ တခြား သနားစရာ မိန်းကလေးတချို့ကိုတော့ ကယ်တင်နိုင်မယ်ကွ..."
" ဒီလူနဲ့ ပတ်သက်တာတွေ ဒီအိမ်ထဲမှာ လုံးဝမမြင်ချင်တော့ဘူး.. မမြင်ချင်တော့ဘူးရှင့်..."
လင်းက ပြောနေရင်း စားပွဲပေါ်မှ စာအုပ်စာရွက်အားလုံးကို ကြမ်းပြင်ပေါ် ဆွဲချပစ်လိုက်သည်။
" ဟ.. ဘာလုပ်တာလဲကွ.. မင်းက ငါ့ကို အပေါ်မှာ သွားစကားပြောစေချင်တာလား.. ငါ အရင်ထဲက သူနဲ့ စကားပြောဖို့ အကြိမ်ပေါင်းများစွာ ကြိုးစားခဲ့ပြီးပြီ.. သူက လက်မခံခဲ့တာကွ.."
ဝီလ်က ပေါက်ကွဲအော်ဟစ်သည်။
" တော်တော့.. ရှင့်ပါးစပ်ပိတ်တော့.. သမီးလေးက အိပ်ပျော်နေပြီ.."
လင်းက ပြောသည်။
" ရှင်သိထားဖို့က ရှင်က အပေါ်မှာ သူနဲ့ ရှိနေသင့်တာ.. အဲဒါ အန်နီရှင့်.. အန်နီ.. ကျွန်မတို့သမီးလေး အန်နီ.. သူ နာကျင်ခံစားနေရတယ်..သူ့အနားမှာ သူ့အဖေကို လိုအပ်နေတာ... ရှင်ကတော့ ဒီမှာ အဓိပ္ပါယ်မရှိ ထိုင်နေတယ်.."
" ဟ.. ငါ အလုပ်လုပ်နေတာကွ.. အဓိပ္ပါယ်မရှိ ထိုင်နေတာ မဟုတ်ဘူး.."
" ကောင်းပြီ.. ရော့.. ရော့.. လုပ်ချင်တာ လုပ်တော့.."
လင်းက ကြမ်းပြင်ပေါ်မှ စာရွက်အချို့ကို ပြန်ကောက်ကာ စားပွဲပေါ်တင်ပေးပြီး စိတ်ပျက်စွာ ထွက်သွားလေသည်။
နောက်ဆုံး၌ ၀ီလ်တစ်ယောက်တည်းသာ  စာရွက်များကို မျက်ရည်ပြည့်နေသော မျက်လုံးအစုံဖြင့် ငေးစိုက်ကြည့်နေရင်း ကျန်နေခဲ့လေတော့၏။
(ဆက်ရန် - ဇာတ်သိမ်း)
ရှေ့မှ အပိုင်းများကို ပြန်ဖတ်ရန်
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၁)
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၂)
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၃)
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၄)
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၅)
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၆)
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၇)
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၈)
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၉)
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၁၀)
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၁၁)
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၁၂)
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၁၃)
Tuesday, July 17, 2012
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၁၃)
(နှစ်ပေါင်းများစွာတည်ဆောက်ခဲ့တဲ့ ပျော်ရွှင်ဖွယ်ရာမိသားစုဘ၀လေးတစ်ခုကို သူစိမ်းတစ်ယောက်က ခဏတာအတွင်း ခိုးယူသွားခဲ့တယ်)
နောက်တစ်နေ့မနက်တွင် အန်နီက လင်းကို ကျောင်းပြန်တက်ချင်သည်ဟု ပြောသဖြင့် လင်းက ကားဖြင့် လိုက်ပို့ပေးသည်။
အန်နီ့အနေဖြင့် အိမ်မှာ တစ်ချိန်လုံး လှဲနေရသည်က ဘယ်လိုမှ အဆင်မပြေပါ။
အားလပ်နေသော လူတစ်ယောက်အား အတွေးများက အစဉ်ခြောက်လှန့်နေတတ်သည်မို့ အန်နီက ကျောင်းသို့ ပြန်သွားလိုခြင်းဖြစ်သည်။
ကျောင်းတွင် ရင်ဆိုင်ရမည့် လူတိုင်း၊ အရာတိုင်း သူမအတွက် ခက်ခဲနေမည်မှန်း သိသော်လည်း အန်နီ ရင်ဆိုင်ကြည့်ချင်ပါသည်။
" သမီး... ခုချိန်က ကျောင်းမတက်လို့ ၇တယ်ဆိုတာ သိပါတယ်နော်..."
လင်းက အန်နီ ကားပေါ်မှ မဆင်းခင် မေးလိုက်သည်။
" ဟုတ် .. သိပါတယ်..."
အန်နီက ကားတံခါးဖွင့်ရန် ပြင်လိုက်သည်။
" ကောင်းပြီ သမီးရယ်... တစ်ခုခုလိုတာနဲ့ မေမေ့ဆီကို ဖုန်းဆက်လိုက်နော်..."
အန်နီ ဘာမှပြန်ပြောမနေတော့ဘဲ ကားပေါ်မှ ဆင်းလိုက်သည်။
ကျောင်းမှာ ရှိသမျှလူတိုင်း သူမကိုပဲ ဂရုစိုက်ကြည့်နေကြတာ အန်နီသိသည်။
လူစုစုနှင့် စကားပြောကြပြီဆိုတိုင်း သူမအကြောင်းများ ပြောနေကြမည်ကို သူမသိသည်။
ထို့ကြောင့် စာသင်ခန်းထဲတွင်လည်း မည်သူနှင့်မျှ မျက်နှာချင်းဆိုင်ရန် မစဉ်းစားဘဲ သင်နေသော ဘာသာရပ်များကို အာရုံစိုက်နိုင်ရန် ကြိုးစားနေမိသည်။
နေ့လည်ခင်း ထမင်းစားကျောင်းဆင်းချိန်၌လည်း စားရိပ်သာသို့ သွားမနေတော့ဘဲ စာကြည့်တိုက်ထဲသို့သာ သွားပြီး လွတ်သွားခဲ့သည့် သင်ခန်းစာများကို ပြန်ဖတ်နေလိုက်သည်။
အန်နီစာဖတ်နေစဉ် အန်နီရှိရာ စားပွဲသို့ ဘရစ်တနီရောက်လာသည်။
ဘရစ်တနီက အန်နီ့ဘေးတွင် ထိုင်လိုက်သည်။
" ငါ့ကို စကားပြန်ပြောပါဟာ အန်နီရယ်..."
အန်နီက ဂရုမစိုက်ဘဲ စာဆက်ဖတ်နေလိုက်သည်။
" ငါ တကယ်တောင်းပန်ပါတယ်ဟာ နော်... အဲဒီတုန်းက ငါဘာလုပ်လို့ ဘာကိုင်ရမှန်းမသိတော့တာနဲ့ မစ်(စ)၀ိုလီကို ပြောလိုက်မိတာပါ..."
အန်နီ ဘာမှ ပြန်မပြော။
" အန်နီ..."
" နင်က တောင်းပန်တယ်ပေါ့...ဟုတ်လား..."
အန်နီက ဘရစ်တနီ့ကို မီးဝင်းဝင်းတောက်တော့မည်ကဲ့သို့ ကြည့်ကာ ပြောသည်။
" အင်း..."
" နင် ဘာတွေလုပ်ခဲ့တယ်ဆိုတာ နင် သေချာ စဉ်းစားမိရဲ့လား..."
အန်နီက အံကို ကြိတ်ကာ ပြောသည်။
" နင်က အားလုံးကို ဖျက်ဆီးပစ်ခဲ့တာ... ငါ၊ ချာလီ၊ ငါ့မိဘတွေ အားလုံး... အားလုံးပဲ... နင်သိရဲ့လား..."
" ငါ.. ငါ.. အဲဒီတုန်းက ထိတ်လန့်နေခဲ့လို့ပါဟာ..."
" အော်... ဟုတ်လား... ငါကတော့ နင်နဲ့ ပတ်သက်သမျှ လျှို့ဝှက်ချက်တွေအကုန် ထိန်းသိမ်းထားခဲ့တယ်လေ..."
" အန်နီ... နင်က ငါ့ရဲ့ အကောင်းဆုံးသူငယ်ချင်းပါဟာ... ငါ နင့်အတွက် အစိုးရိမ်လွန်သွားလို့ပါ..."
" အင်း... အကောင်းဆုံးသူငယ်ချင်း... ဟုတ်ခဲ့တယ်... အရင်တုန်းက ဟုတ်ခဲ့တယ်.. ခုတော့ မဟုတ်တော့ဘူး..."
အန်နီက စားပွဲပေါ်တင်ထားသော စာအုပ်များကို ချက်ချင်း ကောက်သိမ်းလိုက်သည်။
" နင် ငါ့ကို နည်းနည်းလေးငဲ့ညှာမယ်ဆိုရင် နောက် ငါ့ကို ဘယ်တော့မှ စကားလာမပြောပါနဲ့တော့..."
" အန်နီ... အန်နီ..."
အန်နီ လုံးဝ နောက်လှည့်မကြည့်တော့ဘဲ ထထွက်သွားလေသည်။
" ပါတီပွဲမှာ မင်းဘယ်လိုလုပ်သွားတာလဲ ၀ီလ်..."
အယ်လ်က ၀ီလ့်ရုံးခန်းထဲ ရောက်လာပြီး ထိုင်တောင်မထိုင်နိုင်ဘဲ ၀ီလ့်ကို အပြစ်တင်စကားဆိုသည်။
" ဆောရီးပါကွာ... ငါတောင်းပန်ပါတယ်...အဲဒီတုန်းက ငါ ကိုယ်ရေးကိုယ်တာ ကိစ္စလေးပေါ်လာလို့ပါ... "
" သေချာလား... မင်းကို အလုပ်ကို လာချင်တဲ့အချိန်လာမယ်.. ပြန်ချင်ရင် ပြန်မယ်.. ငါက အခုကိစ္စကို မင်းကို ဦးစီးပြီး လုပ်စေချင်တာကွ..."
" ငါလဲ ၁၀၀ရာခိုင်နှုန်း လုပ်နေတာပါပဲ..."
" အေး.. ဟုတ်ပြီ... မင်း ဒီလိုပြောတယ်နော်... ငါ ဒီဖိုင်ကို မင်းစားပွဲပေါ် လွန်ခဲ့တဲ့ တစ်ပတ်ကတည်းက တင်ထားတာ... မဲလ်က ဒါကို ရိုက်ကူးရေးစဖို့ စောင့်နေတာ တနင်္လာနေ့ကတည်းက... မင်းက ခုထိ လက်မှတ်မထိုးရသေးဘူး..."
" ပြောလိုက်ပေါ့ကွာ...စ တော့လို့... ငါ လက်မှတ်မထိုးလဲ ဘာမှ မဖြစ်ပါဘူး... ရိုက်ကူးရေးက စလို့ ရနေတာပဲ... ဖြစ်ပါတယ်..."
" မင်း ဒါကို ဖွင့်တောင် မကြည့်ခဲ့ဘူးမဟုတ်လား... ဟမ်... မင်းဘာတွေဖြစ်နေတာလဲ..."
ဝီလ် နှုတ်ဆိတ်သွားသည်။
ကိုယ်ရေးကိုယ်တာကိစ္စမို့ ၀ီလ် ထုတ်မပြောချင်။
သို့သော် ယခုမူ ထုတ်မပြောလျှင် မဖြစ်တော့သည့် အခြေအနေသို့ ရောက်လာပေပြီ။
" အန်နီ... အန်နီကိစ္စကြောင့်ပါကွာ..."
" ဘယ်လို... အန်နီ ဘာဖြစ်လို့လဲ..."
" သူ ဟိုတလောက လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်ခံခဲ့ရတယ်..."
" ဘာ.. ဘယ်လို..ဘယ်လို..."
အယ်လ် ဘာမှ မပြောနိုင်တော့လောက်အောင် ဖြစ်သွားသည်။
ထို့နောက် ၀ီလ့်နားရှိ ခုံတစ်ခုံကို ဆွဲယူထိုင်လိုက်သည်။
" ဘယ်လို ပြောရမယ်မှန်းတောင် မသိတော့ပါဘူး ၀ီလ်ရာ..."
" အင်း... သူအဆင်ပြေပါတယ်.. လောလောဆယ်တော့ အဆင်ပြေတယ်လို့ မဟုတ်ဘူးပေါ့.. ဒါပေမယ့် ပြေပါတယ်..."
" ရဲတွေ တရားခံကို ဖမ်းမိပြီလား..."
" စုံစမ်းတုန်းပဲ ရှိသေးတယ်... စုံစမ်းတာကလဲ မိုတယ်အဆင့်ကကို မတက်သေးပါဘူး..."
" ဘယ်လို... ပြန်ပေးဆွဲခံရတာလား..."
" မဟုတ်ဘူး... အန်နီက အဲဒီလူနဲ့ သိတယ်.."
" ငါ ငါ သိပ်မရှင်းဘူးကွာ.."
" အွန်လိုင်းမှာ အချိန်တော်တော်ကြာထဲက အန်နီနဲ့ အဲဒီလူနဲ့က သိနေတာ..."
" အော်.. အဲဒီလိုလား.. ငါသဘောပေါက်ပြီ... မုဒိမ်းမှုများလားလို့... လန့်သွားတာပဲကွာ..."
" ဘာကွ... ဒါ မုဒိမ်းမှုပဲကွ... ငါ့သမီးက ၁၄နှစ်ပဲ ရှိသေးတယ်.. ဟိုကောင်က သုံးဆယ်ကျော်နေပြီ..."
" အေး... ငါသိပါတယ်... ငါသိပါတယ်... မုဒိမ်းမှုလို့ ယူဆလို့လဲ ရပါတယ်... တစ်ချိန်တုန်းက ငါဓာတ်ပုံရိုက်ပေးခဲ့ရတာမျိုးပေါ့... ငါဒီလုပ်ငန်းမလုပ်ခင် ဓာတ်ပုံဆရာလက်သင်ဘ၀မှာ အဲဒီလိုမျိုး ဦးနဲ့သမီး ဇာတ်လမ်းတွေ ဓာတ်ပုံရိုက်ပေးခဲ့ရတာပဲလေ... ထားပါတော့... မပြောတော့ပါဘူး... မင်သိချင်မှာလဲ မဟုတ်ပါဘူး..."
ဝီလ်က အယ့်ကို နားမလည်စွာ ကြည့်လိုက်မိသည်။
အယ်လ်ပြောလိုတာက ချာလီလုပ်ခဲ့သောအမှုကို အန်နီက ကျေကျေနပ်နပ်ကြီး လက်ခံသဘောတူခဲ့တာလို့ ဆိုလိုတာများလား...။
ဝီလ်၏ အိမ်အပြန်လမ်းတစ်လျှောက်လုံး အယ်လ်ပြောလိုက်သော စကားများက ကြီးစိုးထားသည်။
အယ်လ်ပြောတာ ဖြစ်နိုင်သလား။
အန်နီက အလိုတူအလိုပါလား။
အန်နီက ဆယ့်လေးနှစ်ပဲ ရှိသေးသည်လေ။
ဤသို့သော အရာများနှင့် မအပ်စပ်သေးပါ။
အန်နီ မိုတယ်ခန်းထဲမှာ အော်ဟစ်အကူအညီမတောင်းခဲ့တာ ဘာကြောင့်လဲ။
ဘာကြောင့်လဲ..။
ဘာကြောင့်လဲ..။
သမီးတစ်ယောက်ဖခင်၏အတွေးများကို ထိုမေးခွန်းများက ထွေပြားနေစေသည်။
ထို့ကြောင့် ၀ီလ်သည် အန်နီ့အခန်းကို တက်သွားလိုက်သည်။
အန်နီက ကုတင်ပေါ်တွင် လှဲနေရင်း စာအုပ်တစ်အုပ်မှာ စာရေးနေသည်။
" သမီး... ဖေဖေ ၀င်ခဲ့လို့ရမလား..."
" ရပါတယ်... ဘာကိစ္စရှိလို့လဲ..."
အန်နီက စာအုပ်ကို ပိတ်ပြီး ဘေးမှာ ချထားလိုက်သည်။
" ကျောင်းမှာ အဆင်ပြေလားသမီး.."
ဝီလ်က အန်နီ့ကုတင်မှာ ထိုင်လိုက်ရင်း မေးလိုက်သည်။
" ပြေပါတယ်..."
" သူငယ်ချင်းတွေနဲ့ရော အဆင်ပြေလား..."
" ပြေပါတယ်..."
" ဂေးလ်နဲ့ရော ဒီနေ့ တွေ့ဖြစ်သေးလား..."
" ဟင့်အင်း... နက်ဖြန်မှ..."
" အဲဒီမှာရော... အခြေအနေ ဘယ်လိုလဲ..."
" ကောင်းပါတယ်... ကုသခံနေရတဲ့ သဘောပေါ့..."
ခေတ္တမျှ စကားစ ပြတ်သွားသည်။
" ဟို... ချာလီဆိုတဲ့ကောင်ဆီက အဆက်အသွယ်တစ်ခုခု ရသေးလား..."
" အဲဒီလိုလုပ်တာ အန်နီ မကြိုက်ဘူး... သူ့နာမည်ကို အဲဒီလို ခေါ်တာကိုပေါ့.."
" အဲဒါ သူ့နာမည်အရင်းလဲ မဟုတ်လောက်ပါဘူးသမီးရယ်..."
" ဘာပြောချင်လို့ လာတာလဲ..."
" ဆက်သွယ်မှု တစ်ခုခု လာသေးလား..."
" မလာဘူး..."
" လုံးဝကို မလာဘူးပေါ့... ဟုတ်လား..."
ဝီလ်က မယုံသင်္ကာသံဖြင့် မေးသဖြင့် အန်နီက ဒေါသသံလေးအနည်းငယ်ဖြင့် သူမဖုန်းကို ထုတ်ပြီးကမ်းပေးသည်။
" သမီးပုံစံက ဘာဖြစ်နေတာလဲ..."
" ဟုတ်တယ်... ဒီလိုပဲ ဖြစ်နေတာလေ..."
" အဲဒီဖုန်းမှာ တစ်ခုခုဆိုရင်  ဖွက်ထားစရာနေရာတော့ မရှိလောက်ပါဘူးနော်..."
အန်နီက သူ့အဖေကို အံ့သြစွာဖြင့် ကြည့်လိုက်သည်။
သူမ၏အဖေက သူမကို မယုံကြည်စွာ ပြောနေခြင်းအတွက် ခံစားသွားရပုံ ရသည်။
အန်နီက ဖုန်းကို အခန်းဝသို့ လွှင့်ပစ်လိုက်သည်။
" ယူသွားတော့... မလိုချင်တော့ဘူး... ဘာဖြစ်နေတာလဲ..."
" ဘာဖြစ်နေတာလဲ... ဟုတ်လား.. ဖေဖေဖြစ်နေတာက သမီး လိမ်နေခဲ့လို့ပဲ.."
ဝီလ်က အန်နီ့ကို စိုက်ကြည့်ပြီး ပြန်ပြောသည်။
" ဒီကောင် ၁၅နှစ်မဟုတ်ဘူးဆိုတာ သိသိချင်း သမီးက ဖေဖေ့ကို ပြောရမယ်... ပြောသင့်တယ်... သမီး မပြောခဲ့ဘူး... လိမ်ညာနေခဲ့တယ်.. ဟုတ်လား.. ဘာဖြစ်လို့ ဖေဖေ့ကိုဖြစ်ဖြစ် သမီးအမေကို ဖြစ်ဖြစ် မပြောခဲ့တာလဲ... လာပြောလို့ ဘာဖြစ်သွားမှာမို့လို့လဲ.. ဟင်.."
အန်နီ ဘာမှ ပြန်မပြော။
သူမ လိမ်ညာခဲ့သည်မှန်သော်လည်း ဖခင်ဖြစ်သူက ဆူပူကြိမ်းမောင်းသောအခါ ရင်ထဲ၌ ၀မ်းနည်းမှုတို့က လှိမ့်တက်လာသည်။
" ပထမဆုံးသိလိုက်တာနဲ့ တစ်ခုခုမှားနေပြီဆိုတာ သိသင့်တာပေါ့.. အဲဒီတုန်းက နင်ဘာတွေတွေးနေလို့လဲ.. အဲဒီကောင်နဲ့ mallထဲမှာ တွေ့တဲ့အခါ ပထမဆုံးတွေ့တဲ့အခါ နင် ဘာလုပ်နေခဲ့လဲ... ငါ့ဆီ ဖုန်းခေါ်ပါလား.. ဒါမှမဟုတ် ထွက်ပြေးခဲ့ပါလား.. အဲဒီလိုကောင်မျိုးနဲ့ ကားတစ်စီးထဲမှာ အတူစီးပြီး လိုက်သွားလိုက်သေးတယ်.. အဲဒါက တအားအရေးကြီးနေလို့လား.. ဟုတ်လား..."
ဝီလ်သည် ပြောရင်းနှင့် မိမိကိုယ်ကို မထိန်းနိုင်တော့ပေ။
ဖခင်၏ စကားလုံးများအောက်တွင် အန်နီ့ခမြာ ရင်ထဲ တလှိုက်လှိုက်ဖြစ်လာသည်။
မျက်ဝန်းများထဲ၌ မျက်ရည်များ ပြည့်နှက်လာသည်။
" ဖေဖေ နားလည်ပေးဖို့ ကြိုးစားတယ်... ဒါပေမယ့်..."
" သမီးကို တစ်ယောက်ထဲ နေခွင့်ပေးပါ..."
အန်နီ့မျက်ရည်များ ပါးပြင်ပေါ်သို့ လှိမ့်ဆင်းကျလာသည်။
မျက်ရည်တို့ထက် ရင်ထဲမှာ ပိုပြီး နာကျင်နေသည်။
" ဖေဖေ့ကို ပြောပြစမ်းပါ... သမီး ဘာဖြစ်လို့..."
" ပြောပြရင်ကော နားလည်ပေးမှာမို့လို့လား..."
အန်နီက ခေါင်းအုံးကို လွှင့်ပစ်လိုက်ရင် ပြန်အော်သည်။
" မဟုတ်ဘူး... ဒါမျိုးက.."
" ဟုတ်တယ်... ဒါမျိုးက တစ်ယောက်ယောက်က အစမဖော်ခဲ့ရင် အရာအားလုံး အဆင်ပြေနေမှာ..."
" ဘာ... ဘယ်လိုပြောလိုက်တယ်..."
" ဟုတ်တယ်... သမီးနဲ့ ချာလီလေ.."
" ဘာ... နင် ရူးနေပြီလား..."
" ရူးနေတာက ဖေဖေလေ... ဖုန်းကိုလည်း ခိုးစစ်တယ်.. အင်တာနက်မှာ ပေါက်ကရတွေ လျှောက်လုပ်တယ်.."
အန်နီက ပြန်အော်သည်။
" ငါက ဟိုမုဒိမ်းကောင်ကို ဖမ်းမိဖို့ လုပ်နေတာ... နင်မသိဘူးလား.."
" သူက မုဒိမ်းကောင် မဟုတ်ဘူး.. ဖေဖေ သူ့အကြောင်း ဘာသိလို့လဲ..."
" ဘာ.. နင်က ဒီကောင့်ကို အကာအကွယ်ပေးနေသေးတယ်... အဲဒီကောင်က နင့်ကို မုဒိမ်းကျင့်ခဲ့တာ.. မုဒိမ်းကျင့်ခဲ့တာ..."
" မဟုတ်ဘူး... မဟုတ်ဘူး.. သူ အန်နီ့ကို မုဒိမ်းကျင့်ခဲ့တာ မဟုတ်ဘူး..."
ဝီလ်နှင့် အန်နီတို့ ရန်သူကြီးနှစ်ယောက်အလား အပြန်အလှန် အော်ဟစ်နေကြလေသည်။
" သွား... ထွက်သွား... ဒီအခန်းထဲက ထွက်သွား... ဖေဖေ့ကို မုန်းတယ်.. မုန်းတယ်...."
အန်နီက မျက်ရည်များကြားမှာ ၀ီ်လ့်ကို အော်ဟစ်လေသည်။
မျက်ရည်များလဲ တလဟော ကျဆင်းနေပြီဖြစ်သလို သူမ၏နှလုံးသားလည်း နာကျင်စူးနစ်နေပြီဖြစ်သည်။
ဝီလ်က အန်နီ့ကို နားမလည်စွာ ကြည့်ကာ ထိုင်ရာမှ ထလိုက်ပြီး အခန်းအပြင်သို့ တစ်လှမ်းချင်း ထွက်သွားလေသည်။
အန်နီကတော့ အခန်းတွင်း၌ တရှုံ့ရှုံ့ငိုကြွေးရင်း ကျန်ရစ်နေခဲ့သည်။
ဝီလ်ကား ထိုအချိန်ထိ မတည်ငြိမ်နိုင်သေး။
သူ သိချင်နေဆဲ... အဖြေတစ်ခုကို လိုက်ရှာချင်နေဆဲ.. အဖြေတစ်ခုကို လိုအပ်နေဆဲဖြစ်သည်။
ထိုသို့ဖြင့် ၀ီလ်သည် ဂေးလ်၏ ရုံးခန်းသို့ ရောက်သွားလေတော့သည်။
ဂေးလ်၏ရုံးခန်းထဲရောက်တော့ ၀ီလ်က ဂေးလ်နှင့် မျက်နှာချင်းဆိုင်မှာ ၀င်ထိုင်ရင်း စကားစပြောသည်။
" ခင်ဗျားကို ကျွန်တော့်သမီး ဘာတွေပြောခဲ့တယ်ဆိုတာ သိချင်တယ်ဗျာ..."
" ကျွန်မရဲ့ ဘယ်လူနာနဲ့မဆို ဆွေးနွေးခဲ့တဲ့ အကြောင်းတွေကို ဘယ်သူ့ကိုမှ ပြန်မပြောပြပါဘူး.. ဒါ ၀တ္တရားပါ..."
ဂေးလ်က ပြန်ပြောသည်။
" ကျွန်တော်သိတယ်... ဒါပေမယ့် ကျွန်တော်သိချင်တာက ကျွန်တော့်သမီးအကြောင်းလေ... သိခွင့်ရှိရမှာပေါ့... သူ့ကို ခွဲစိတ်ကုသဖို့ လိုအပ်လာရင် ကျွန်တော့်လက်မှတ်မပါလို့ မရသလို သူနဲ့ ပတ်သက်ရင် ကျွန်တော့်မှာ အရာရာ တာဝန်ရှိတယ်..."
" အခု ကျွန်မသုံးတဲ့ ရောဂါကုထုံးမှာတော့ လက်မှတ်မလိုပါဘူးဝီလ်..."
" ဒါပေမယ့်.. ဒါပေမယ့်... ဒါတွေက ဘာမှ အဓိပ္ပါယ်မရှိဘူး... ကျွန်တော့်အတွက်... ကျွန်တော့်အတွက်... သိဖို့ လိုအပ်နေတယ်ဗျာ..."
" ဘာဖြစ်နေလို့လဲ ၀ီလ်..."
စက္ကန့်အနည်းငယ်ကြာသည်အထိ အဖြေ ပြန်မလာ။
ဝီလ်က ကြမ်းပြင်ကိုသာ ငူငူကြီး စိုက်ကြည့်နေသည်။
" ကျွန်တော်... ကျွန်တော်.. ကျွန်တော့်အတွေးတွေကို ရပ်လို့ မရဘူးဗျာ... ကားမောင်းနေတုန်းပဲဖြစ်ဖြစ်.. ရုံးမှာ၊ အစည်းအဝေးမှာ၊ နေရာတိုင်းမှာ ကျွန်တော်မြင်ယောင်နေတယ်... ကုတင်... ကုတင်ပေါ်က ကျွန်တော့်သမီးလေးနဲ့ အဲဒီကောင်ကို..."
ဝီလ့်အသံတို့က တုန်ယင်နေသည်။
" ကျွန်တော် ဟိုတစ်နေ့က အိပ်မက်မက်တယ်.. ကျွန်တော် အဲဒီကောင်ကို ဖမ်းမိသွားတယ်.. ဒီကောင် အသက်ထွက်တဲ့အထိ ကျွန်တော်ထိုးရိုက်ပစ်လိုက်တယ်... ကျွန်တော် ဒီကောင့်ကို အပေါ်က ဖိထားပြီး ဘယ်ပြန်၊ ညာပြန် မျက်နှာကို ထိုးတယ်၊ ထိုးတယ်.."
ဝီလ့်အသံတို့က ဒေါသသံအချို့လည်း ပါသည်။
" ဒီကောင့် မျက်ခွက်ကို စုတ်ပြတ်သတ်နေအောင် ထိုးပစ်လိုက်တယ်.. ဒီကောင့်မျက်နှာက သွေးတွေ ပန်းထွက်လာတာ ကျွန်တော့်ပါးစပ်တောင် သွေးတွေ လာစင်တယ်.. ပါးစပ်ထဲမှာ သွေးအရသာ ခံစားနေရတယ်... တကယ်တမ်းနိုးလာတော့ ကျွန်တော် ကိုယ့်ပါးစောင်ကိုယ် ကိုက်နေမိတာ.."
ဂေးလ်က သက်ပြင်းချလိုက်သည်။
" ဟုတ်ပါပြီ.. ရဲတွေက အဲဒီလူကို ဖမ်းမိလို့ ထောင်ထဲထည့်လိုက်ရင်  ရှင် ဘယ်လို ခံစားရမလဲ..."
" ကောင်းတယ်... ပျော်မိမှာပဲ.. နောက်ပြီး ဒေါသလဲ ထွက်နေဦးမှာပဲ..."
" ဘာလို့ ဒေါသထွက်နေဦးမလဲ..."
" ကျွန်တော်က ဒီကောင့်ခေါင်းကို ဖြတ်ပစ်ချင်တာ.. ဒီကောင့်ကို သတ်ပစ်ချင်တာ... တကယ်တမ်းကျ ကျွန်တော် ဘာမှ လုပ်လို့ မရဘူးလေ..."
" ဘာတွေက ရှင့်ကို အဲဒီလို လုပ်ချင်စိတ် ဖြစ်စေတာလဲ..."
" ဘာဖြစ်လို့လဲဆိုတော့ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော် ဘာမှ မသိရလို့ပဲ.. အန်နီက ကျွန်တော့်ကို တစ်ချိန်လုံး လိမ်ညာနေခဲ့လို့ပဲ... အဖေတစ်ယောက်အနေနဲ့ ကျွန်တော်..ကျွန်တော်.. ကျွန်တော့်သမီး ဒီကောင်နဲ့ ဘယ်လောက်ထိ ရင်းနှီးကျွမ်းဝင်နေခဲ့တယ်ဆိုတာ မသိခဲ့ဘူး... ကျွန်တော် ဘာမှမလုပ်နိုင်ခဲ့တာ.. ဘာဆို ဘာမှ မလုပ်နိုင်ခဲ့တာ.."
ဝီလ်က ပြောနေရင်းနှင့် မျက်ရည်များကျတော့မည်ကဲ့သို့ ဖြစ်လာသည်။
" တော်ပါတော့ရှင်.. ကိုယ့်ကိုကိုယ်မနှိပ်စက်ပါနဲ့တော့..."
" ကျွန်တော်.. ကျွန်တော်ဟာ ကိုယ့်သားသမီးကို မကာကွယ်နိုင်ခဲ့တဲ့၊ လုံးဝအသုံးမကျခဲ့တဲ့ အဖေတစ်ယောက်ပါဗျာ..."
ဝီလ်က မျက်လုံးစုံမှိတ်ကာ မျက်ရည်များကို ကျမလာစေရန် ထိန်းလိုက်သည်။
ဂေးလ်က ၀ီလ့်ကို စာနာစွာ ကြည့်နေလေသည်။
" ဒီမှာ ၀ီလ်..၊ ကျွန်မတို့ဟာ ကိုယ့်ကိုကိုယ်ရော၊ ကိုယ်ချစ်တဲ့သူတွေအပေါ်မှာရော ဖြစ်လာတဲ့ အခြေအနေတွေကို ဘယ်သူမှ ထိန်းချုပ်နိုင်စွမ်းမရှိကြပါဘူး... အန်နီသာ ကောလိပ်သွားရတော့မယ့်အချိန်မှာဆို ဘယ်လိုလုပ်မလဲ... ဘာတွေဖြစ်လာမလဲ..."
" ဘာ.. ဘာပြောတာလဲဗျာ..."
" လူဆိုတာ တစ်ခုမဟုတ်တစ်ခု နာကျင်ခံစားကြရတာချည်းပါပဲရှင်... ကျွန်မတို့ဟာ ကိုယ့်ကိုကိုယ်စောင့်ရှောက်ဖို့၊ ကိုယ့်သားသမီးတွေကို စောင့်ရှောက်နိုင်ဖို့ တစ်နည်းပဲရှိပါတယ်... အဲဒါကတော့ တစ်ယောက်ယောက်လဲကျတဲ့အခါ၊ တစ်ယောက်ယောက် ထိခိုက်နာကျင်ရတဲ့အခါ ကျွန်မတို့က သူတို့အနားမှာ ရှိပေးဖို့၊ သူတို့ကို ဆွဲကူထူပေးဖို့ပါပဲ..."
ဂေးလ်၏ လေးနက်သောစကားသည် အဓိပ္ပါယ်ပြည့်ဝပါသည်။
လူတိုင်း၊လူတိုင်းသည် ကျရောက်လာမည့် အန္တရာယ်များကို မဖြစ်ပေါ်စေရန် တားဆီးနိုင်လိမ့်မည် မဟုတ်ပါ။
လူတိုင်း ထိခိုက်အနာတရ ဖြစ်ရနိုင်ပါသည်။
လိုအပ်သည်မှာ ၎င်းတို့ကို အားပေးနှစ်သိမ့်ပေးမည့်၊ ဖေးကူထူမပေးမည့်သူသာ ဖြစ်ပါသည်။
(ဆက်ရန်)
ရှေ့မှ အပိုင်းများကို ပြန်ဖတ်ရန်
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၁)
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၂)
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၃)
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၄)
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၅)
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၆)
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၇)
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၈)
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၉)
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၁၀)
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၁၁)
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၁၂)
Sunday, July 15, 2012
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၁၂)
(နှစ်ပေါင်းများစွာတည်ဆောက်ခဲ့တဲ့ ပျော်ရွှင်ဖွယ်ရာမိသားစုဘ၀လေးတစ်ခုကို သူစိမ်းတစ်ယောက်က ခဏတာအတွင်း ခိုးယူသွားခဲ့တယ်)
ယနေ့ညလည်း အိပ်မရသဖြင့် ၀ီလ်သည် ၀ီမစ်တီသို့ ကားမောင်းထွက်လာခဲ့ပြန်သည်။
အိပ်မရခဲ့သော ညများလည်း များခဲ့ပြီ။
အိပ်မက်ဆိုးတွေကလည်း ညတိုင်း သူ့ကို နှောင့်ယှက်လျက်ရှိသည်။
အိပ်မရသည့်ညတိုင်း ၀ီမစ်တီမြို့၊ လင်ဒန်ရပ်ကွက်သို့ ၀ီလ် ထွက်လာတတ်သည်။
လင်ဒန်ရပ်ကွက်မှာ ယခင်က လိင်မှုဆိုင်ရာ ပြစ်မှုကျူးလွန်ခဲ့ဖူးသူ ရော့ဘ်မာ့စ်ကုမ်း နေထိုင်သည်။
ဝီလ့်စိတ်ထဲမှာတော့ သည်ကောင်ပင် ချာလီဖြစ်မည်ဟု ယုံကြည်နေမိသည်။
ထိုသို့ယုံကြည်မိခြင်းအတွက် သူ့တွင် မည်သည့်အကြောင်းပြချက်မှ မရှိ။
ထင်မြင်ယူဆရုံသက်သက်သာ ဖြစ်သည်။
လင်ဒန်ရပ်ကွက်ထဲရောက်သောအခါ ၀ီလ်က ရော့ဘ်မာ့စ်ကုမ်း၏အိမ်ရှိရာကို လှမ်းမြင်နေရသော အမှောင်ရိပ်တစ်နေရာတွင် ကားကိုရပ်ကာ အရိပ်အခြေကို စောင့်ကြည့်နေမိသည်။
ဘာရယ်၊ ညာရယ် ရည်ရွယ်ချက်မရှိဘဲ သက်သက်မဲ့စောင့်ကြည့်နေမိခြင်းသာဖြစ်သည်။
တခါတရံ အမှိုက်ထွက်ပစ်တာမျိုးဖြစ်ဖြစ် ရော့ဘ်မာ့စ်ကုမ်း အိမ်ထဲမှ ထွက်လာလေ့ရှိသည်။
ညဘက် လူခြေတိတ်ချိန်၊ မီးပိတ်ချိန်မို့ ရော့ဘ်မာ့စ်ကုမ်း၏ မျက်နှာကိုကား အသေအချာမမြင်ရပါ။
ထောင်ထောင်မောင်းမောင်း၊ ဗလခပ်တောင့်တောင့်နှင့် အလယ်ခွဲပြီး သပ်တင်ထားသည် ဆံပင်ပုံစံကိုတော့ ၀ီလ် ခန့်မှန်းမိသည်။
အချိန်အတော်ကြာသွားပြီး ရော့ဘ်မာ့စ်ကုမ်း၏ အိမ် မီးပိတ်သွားမှ ၀ီလ်သည် ချီကာဂိုသို့ ကားမောင်းပြီး ပြန်လာခဲ့သည်။
အပြန်လမ်းတွင် ညနေခင်းက သူရောက်သော ပါတီပွဲအကြောင်း ခေါင်းထဲရောက်လာသည်။
ကြော်ငြာရိုက်ကူးရေးလုပ်ငန်း စတင်နိုင်သည့် အထိမ်းအမှတ်အဖြစ် အနုပညာအသိုင်းအ၀ိုင်းကလပ်တစ်ခု၌ A&Aကုမ္ပဏီမှ ကျင်းပပေးသော ပါတီပွဲဖြစ်သည်။
ပါတီပွဲကို ယောက်ျားလေး၊ မိန်းကလေး မော်ဒယ်အမြောက်အမြား တက်ရောက်ကြသည်။
အဖော်အချွတ်မော်ဒယ်များလည်း ပါကြသည်။
ထိုကလပ်မျိုးကို ၀ီလ်တစ်ခါမျှ မရောက်ဖူး။
နံရံများတွင် အဖော်အချွတ်မော်ဒယ်မလေးများ မလုံ့တလုံပုံများ ကပ်ထားသည်။
ထိုပုံများကို မြင်လိုက်ရသောအခါ နေ့လယ်ကမှ ဖတ်ထားမိသော အန်နီ့စကားလုံးများက ၀ီလ့်ခေါင်းထဲသို့ ရောက်လာသည်။
ဝီလ် ပုံတွေကို ကြည့်နေရင်း ခေါင်းတွေ ချာချာလည်လာသည်။
ဘုရား..ဘုရား..။
ငါ့သမီးလေးသာ ဒီလို မင်းသမီးဖြစ်ခဲ့ရင်...။
ဘုရား..ဘုရား..။
ဝီလ့်ခေါင်းထဲ မိုက်ခနဲ ဖြစ်သွားသဖြင့် ပါတီပွဲမှ မည်သူ့ကိုမျှနှုတ်မဆက်တော့ဘဲ အိမ်သို့ ပြန်ဖြစ်ခဲ့ခြင်း ဖြစ်သည်။
ဝီလ်သည် ၀ီမစ်တီမှ အိမ်သို့ ပြန်ရောက်သောအခါ အိပ်ယာထဲသို့ မ၀င်သေးဘဲ ဧည့်ခန်းထဲ၌ ထိုင်ကာ လက်ပ်တော့ကို ဖွင့်လိုက်သည်။
ထို့နောက် ဆယ်ကျော်သက် ကျောင်းသူကျောင်းသားများ သုံးသည့် ဆိုက်တစ်ခုထဲ ၀င်လိုက်သည်။
ထိုဆိုက်ထဲတွင် ၀ီလ်က အသက်၁၃နှစ်အရွယ် ကျောင်းသူလေးတစ်ယောက်အဖြစ် မှတ်ပုံတင်လိုက်သည်။
နာမည်ကို sadlilgrrl ဟု ပေးလိုက်သည်။
ပြီးလျှင် လာ၍ chatting ပြောသူတိုင်းနှင့် ချက်မည်။
သည်တဏှာရူးကောင်တွေကို အပြင်ဆွဲထုတ်နိုင်ဖို့က သည်နည်းဖြင့်သာ ရနိုင်မည်။
ဝီလ် ယခုလုပ်နေသည်ကို မှားသလား၊ မှန်သလား မတွေးမိ။
လုပ်သင့်သလား၊ မလုပ်သင့်သလားလဲ မစဉ်းစားမိ။
သမီးလေးအတွက် တရားခံကောင်ချာလီကို အပြင်ရောက်အောင် ဆွဲထုတ်နိုင်ဖို့ ဘာဖြစ်ဖြစ် ၀ီလ်လုပ်မည်သာဖြစ်သည်။
ချာလီက သူ့သမီးကို ဘယ်လိုချဉ်းကပ်ခဲ့သလဲဆိုသည်ကို စာအုပ်ထဲမှ ဖတ်ထား၊သိထားပြီးပြီမို့ ထိုနည်းလမ်းနှင့် ချဉ်းကပ်လာသည့်သူ သေဖို့သာ ပြင်ပေတော့..။
" တံခါးဖွင့်သံ ကြားလိုက်လားလို့..."
အိပ်ခန်းတွင်းမှ လင်းက အိမ်တံခါးဖွင့်သံကြောင့် နိုးလာပြီး အိပ်မှုံစုံမွှားနှင့် ထွက်လာသည်။
" အဲဒါ ကိုယ်ပါလင်း... ကိုယ် အိပ်မပျော်လို့ ကားလျှောက်မောင်းနေတာ..."
ဝီလ်က chatting မှာ စာရိုက်နေရင်း ပြောလိုက်သည်။
" ၀ီလ်ရယ်... ဘာများလဲလို့ လန့်သွားတာပဲ..."
" ဆောရီး လင်း..."
လင်းက အိပ်ခန်းထဲ ပြန်ဝင်ရန် ပြင်လိုက်သည်။
" အိပ်ရေးပျက်သွားပြီလား..."
" နည်းနည်းပါ..."
ထိုအခါမှ လင်းက ၀ီလ့်ကို ဂရုစိုက်မိသွားသည်။
ဝီလ် ညကြီးမင်းကြီး မှောင်မှောင်မည်းမည်းထဲမှာ ဘာစာတွေကို သည်းကြီးမည်းကြီး ရိုက်နေပါလိမ့်။
" ဘာလုပ်နေတာလဲ ၀ီလ်.."
" ဘာမှ မလုပ်ပါဘူး.."
ဝီလ်က ဗြောင်လိမ်လိုက်သည်။
သို့သော် ၀ီလ့်မျက်နှာက တစ်စုံတစ်ရာကို ဖော်ပြနေသည်။
လင်းက ချက်ချင်း ဘေးနားရောက်လာပြီး လက်ပ်တော့ကို ငုံ့ကြည့်လိုက်သည်။
လင်းသည် လက်ပ်တော့screenပေါ်မှ chatting box များကို မြင်လိုက်ရသောအခါ ကိုယ့်ကိုကိုယ် မယုံနိုင်အောင် ဖြစ်သွားသည်။
" ဒါ.. ဒါ ရှင်ရေးနေတာလား..."
ဝီလ်က ဘာမှ မပြောဘဲ ငြိမ်နေသည်။
" ရှင်.. ရှင်က ၀မ်းနည်းနေတဲ့ ကောင်မလေးတစ်ယောက်ပေါ့... ဟုတ်လားဝီလ်..."
လင်းက ၀ီလ့်ကို သေချာစိုက်ကြည့်လိုက်သည်။
" ရှင် ဘာတွေလုပ်နေတာလဲဝီလ်... ရှင်က ကောင်မလေးဟန်ဆောင်ပြီး အွန်လိုင်းပေါ်မှာ ယောက်ျားတစ်ယေက်နဲ့ ချက်နေတာ.. ဟုတ်လား.."
" ဒါ ဒီကောင်တွေ သုံးတဲ့နည်းပဲလေ.. ဒီနည်းနဲ့ပဲ ဒီကောင်တွေကို ဆွဲထုတ်လို့ရမှာ..."
" ဘုရား..ဘုရား.."
လင်း ဘုရားတလိုက်မိသည်။
" ရှင် ဘာတွေဖြစ်နေတာလဲ ၀ီလ်..."
လင်းက ၀ီလ့်ကို မယုံနိုင်စွာ ကြည့်သည်။
ဝီလ် ရူးများသွားပြီလား...။
လင်းက တစ်ခုခုပြောလိုက်မည်ပြုပြီးမှ မပြောတော့ဘဲ ခေါင်းတစ်ချက်ယမ်းကာ ၀ီလ့်အနားမှ ထွက်သွားလေသည်။
ဝီလ်လည်း စိတ်ပျက်စွာဖြင့် လက်ပ်တော့ကို ပိတ်လိုက်ကာ အမှောင်ထဲတွင် ငိုင်ငိုင်ကြီး ထိုင်နေမိသည်။
သူ ဘာတွေလုပ်နေမိသလဲ ဆိုတာကို သူ့ဘာသာပင် သတိမထားမိတော့ပါ။
စိတ်တွေပဲ လွတ်လွတ်သွားသလား မပြောတတ်တော့ပေ။
ဝီလ်သည် နောက်ဆုံး၌ အိပ်ယာဝင်လိုက်ခြင်းသာ အကောင်းဆုံးဖြစ်မည်ဟု ဆုံးဖြတ်လိုက်သည်။
အိပ်ခန်းထဲ မ၀င်သေးခင် အန်နီ့အခန်းသို့ တက်သွားလိုက်သည်။
အန်နီ့အခန်းထဲရောက်သောအခါ စောင်မခြုံဘဲ အိပ်ပျော်လျက်ရှိသော သမီးလေးကို တွေ့လိုက်ရသဖြင့် နံဘေးမှ စောင်ကို အသာအယာဆွဲယူကာ ခြုံပေးလိုက်သည်။
ထို့နောက် ထွက်သွားရန် ဟန်ပြင်ပြီးမှ အန်နီ့အိပ်ယာဘေးမှ စားပွဲခုံပေါ်တွင် တင်ထားသော ဖုန်းအဟောင်းလေးကို တွေ့လိုက်သည်။
ထို့ကြောင့် ဖုန်းကို အသာအယာကောက်ယူပြီး ဖွင့်လိုက်သည်။
သမီးလေးများ ချာလီ့ကို တစ်နည်းနည်းဖြင့် ဆက်သွယ်နေသေးလား သိချင်သဖြင့် ဖွင့်ကြည့်လိုက်ခြင်းဖြစ်သည်။
ထို့နောက် ဖုန်းကို စားပွဲပေါ်၌ ပြန်ချထားလိုက်ပြီး အခန်းထဲမှ ပြန်ထွက်လိုက်သည်။
တံခါးဆွဲပိတ်လိုက်၍ ထွက်သွားသောအသံကြောင့် လန့်နိုးသွားသော အန်နီသည် ပွင့်လျက်ရှိသော ဖုန်းအား စားပွဲပေါ်၌ တွေ့လိုက်ရသောအခါ ဖုန်းကို ကြမ်းပြင်ပေါ်သို့ မကျေမနပ် ဒေါသထွက်ထွက်နှင့် ပစ်ချလိုက်လေသည်။
နောက်တစ်နေ့ညစာစားချိန်၌မူ ၀ီလ်သည် ဘယ်မှ မသွားတော့ဘဲ မိသားစု စုံလင်စွာ ညစာစားဖြစ်ကြသည်။
ယခင်က စကားသံများဖြင့် စည်ကားနေလေ့ရှိသော ထမင်းဝိုင်းသည် ယခုမူ ငြိမ်သက်လျက် ရှိလေသည်။
" ဒီနေ့ ပီတာ့ဆီက ဖုန်းရတယ်.."
လင်းက ငြိမ်သက်ခြင်းကို အန်တုလိုက်သည်။
" ကိုကြီးက ဟောလိုဝင်းကျောင်းပိတ်ရက် အိမ်ခဏပြန်လာမယ်တဲ့..."
ကေတီလေးက သူ့အစ်ကိုကြီးပြန်လာမည်ဖြစ်သဖြင့် ၀မ်းသာအားရစွာ အော်ပြောသည်။
" အင်း ဟုတ်တယ်.. လာဖို့ ကြိုးစားမယ်တဲ့... ကောလိပ်မှာတော့ သူလည်း အလုပ်များမှာပေါ့လေ... ဒါပေမယ့် သူ့စကားတွေ နားထောင်ကြည့်ရတာ အဲဒီမှာ ပျော်နေပုံပါပဲ..."
" ကိုကြီးကို မပြောပြလိုက်ဘူးမဟုတ်လား..."
အန်နီက သူ့အမေကို ကောက်ခါငင်ကာ မေးလိုက်သည်။
သူမ ဖြစ်ပျက်ခဲ့သော ကိစ္စများကို သူမ၏အစ်ကိုကြီးအား လုံးဝ မသိစေချင်ပါ။
" မပြောပါဘူး... ဒါပေမယ့် အမေ.."
" မပြောပါနဲ့... လုံးဝမပြောနဲ့... ဟုတ်ပြီနော်..."
" ဟမ်... ဘာလဲ.. ဘာလဲ.. ဘာအကြောင်းလဲဟင်..."
ကေတီလေးက လူကြီးများပြောနေသော အကြောင်းကို လုံးဝမသိပေ။
" မေမေတို့ အပေါ်ထပ်မှာ ပြောပြောနေကြတဲ့အကြောင်းပါ သမီးလေးရယ်.. သမီးအစ်မ အနာတရ ဖြစ်ခဲ့တဲ့ အကြောင်းပါ..."
" လုံးဝမပြောရဘူးနော်..."
" အေးပါသမီးရယ်..."
" ဖေဖေတို့ မိသားစု ဒီစနေ၊ တနင်္ဂနွေ ရုပ်ရှင်သွားကြည့်ကြရင် မကောင်းဘူးလား... သမီးဘာကားကြည့်ချင်လဲ အန်နီ.."
" စိတ်မ၀င်စားပါဘူး..."
" ပြောကြည့်ပါသမီးရယ်.. ဖေဖေစိတ်ဝင်စားချင် ၀င်စားမှာပေါ့..."
" မသွားဘူး... ကြည့်လဲ မကြည့်ချင်ဘူး..."
" သမီး ဘာဖြစ်နေတာလဲ.. ဘာကို စိတ်ဆိုးနေတာလဲ.. ဖေဖေ ဘာလုပ်မိလို့လဲ..."
မကျေမနပ်ဖြစ်နေသည့် ပုံစံနှင့် ပြောနေသော အန်နီ့ကို ၀ီလ်က မေးလိုက်သည်။
အန်နီက ၀ီလ့်ကို ဘာမှ ပြန်မပြော...။
" ဘာကို မကျေမနပ်ဖြစ်နေတာလဲ အန်နီ..."
" မဖြစ်ပါဘူး... ကေတီ... မမကိုကြည့်စမ်း... မကျေမနပ်ဖြစ်နေတဲ့ ပုံ ပေါက်နေလို့လား..."
အန်နီက ကေတီလေးကို ဆွဲထည့်လိုက်သည်။
" ဟင့်အင်း.. မတူဘူး.."
ဝီလ်က သက်ပြင်းကို မျှင်းမျှင်း ချလိုက်သည်။
" ဒီအပတ် စနေ၊ တနင်္ဂနွေ မမတို့ စက်ဘီးပတ်စီးကြရင် မကောင်းဘူးလားကေတီ.."
အန်နီက ၀ီလ့်ကို တည့်တည့်ကြီး ဆန့်ကျင်ဘက်ပြုလိုက်ခြင်း ဖြစ်သည်။
" ကောင်းတာပေါ့... ရေအိုင်ကြီးနား လိုက်ပို့မလား.."
" သွားမှာပေါ့... ညီမလေးကြိုက်တဲ့ ကျောက်တုံးလေးတွေ လိုက်ကောက်ကြမယ်လေ.."
" ကောင်းတယ်.. ကောင်းတယ်.. သွားမယ်.."
ကေတီလေးက အားရ၀မ်းသာ ထောက်ခံသည်။
ဝီလ့်အစီအစဉ်ပျက်သွားပြီမို့ အန်နီက ၀ီလ့်ကို မဲ့ပြုံးပြုံးကာ ကြည့်လိုက်လေသည်။
(ဆက်ရန်)
ရှေ့မှ အပိုင်းများကို ပြန်ဖတ်ရန်
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၁)
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၂)
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲသည် - အပိုင်း(၃)
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၄)
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၅)
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၆)
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၇)
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၈)
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၉)
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၁၀)
TRUST (သို့မဟုတ်) အချစ်ဟု ယုံကြည်ခဲ့သည် - အပိုင်း(၁၁)